ယခုလအတွင်းကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအပါအဝင် နိုင်ငံတကာပွဲသွားရောက်ကစားမည့် ကစားသမားများအနေဖြင့် ကလပ်အသင်းသို့ ပြန်အရောက်တွင် Quarantine ဝင်ရမည်ဆိုလျှင် သူ၏ကစားသမားများကို နိုင်ငံလက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခိုင်းမည်ဟု လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ဗြိတိန်အစိုးရမှထုတ်ပြန်သည့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းအရ “အနီရောင်အဆင့်” သတ်မှတ်ထားသောနိုင်ငံများမှ ပြန်လာသည့် မည်သူမဆို ဗြိတိန်သို့ပြန်ရောက်ချိန်တွင် Hotel Quarantine (၁၀) ရက်နေထိုင်ရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းသတ်မှတ်ချက်အရ လီဗာပူးလ်အသင်းမှ ဘရာဇီးလ်လက်ရွေးစင်ကစားသမားများဖြစ်သည့် အယ်လစ်ဆန်၊ ဖေမီနိုနှင့် ဖာဘင်ညို၊ ပေါ်တူဂီ တောင်ပံကစားသမား ဂျိုတာတို့မှာ နိုင်ငံအသင်းအတွက် ကစားအပြီး ကလပ်အသင်းနှင့် မပူးပေါင်းမီ Quarantine ဝင်ရဖွယ်ရှိနေခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ကပ်ဘေးကာလ အထူးခွင့်ပြုချက်ဖြင့် နိုင်ငံတကာပွဲကစားရန် မိခင်နိုင်ငံ အသင်းများနှင့်ပူးပေါင်းမည့် ကစားသမားများမှာ သက်ဆိုင်ရာစည်းမျဉ်းများအရ သက်ရောက်မှုရှိနိုင်လျှင် ကလပ်အသင်းအနေဖြင့် တားမြစ်ပိုင်ခွင့်ရှိသည်ဟု ခွင့်ပြုပေးထားခဲ့သည်။
“ကလပ်အသင်းအားလုံးဟာ ကစားသမားတွေကို သွားခွင့်ပိတ်ပင်မယ့် တူညီတဲ့ ပြဿနာကိုယ်စီရှိလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော့်ကစားသမားတွေ ကလပ်အသင်းထံပြန်လာရင် ဟိုတယ်မှာ (၁၀) ရက်လောက် Quarantine ဝင်ရမယ့်အချက်လည်းရှိနေတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ ကွဲပြားခြားနားတဲ့ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ လိုအပ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အခုချိန်က လူတိုင်းကို ပျော်ရွှင်နိုင်အောင် မလုပ်ပေးနိုင်တဲ့အချိန်တစ်ခုပါ။ ကလပ်အသင်းက ကစားသမားတွေကို လစာပေးချေနေရတယ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဆိုလိုတာက ကလပ်အသင်းဟာ ပထမဦးစားပေးပါပဲ”ဟု ကလော့ပ်က ပြောကြားခဲ့သည်။
ကလော့ပ်၏လီဗာပူးလ်အသင်းသည် မတ်လ (၄) ရက်(ယနေ့)တွင် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် တူဟယ်လ် ကိုင်တွယ်နေသည့် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်ပြီး လီဗာပူးလ်အနေဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ကတည်းက အိမ်ကွင်း နိုင်ပွဲပျောက်ဆုံးနေကြောင်း သိရသည်။