PSG အသင်း၏ နည်းပြ အန်နရီကေးသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ နယူးကာဆယ်အသင်းကို ရှုံးကြွေးဆပ်နိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
PSG အသင်းသည် အုပ်စုပထမအကျော့တွင် နယူးကာဆယ်အသင်းကို အဝေးကွင်း၌ (၁-၄)ဂိုးဖြင့် အရှုံးပေးခဲ့ရပြီး ယခုတစ်ပတ်တွင် အိမ်ကွင်း၌ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
PSG နှင့် နယူးကာဆယ်အသင်းတို့သည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကျပ်တည်းဆုံးအုပ်စုအဖြစ် သတ်မှတ်ခံထားရသော အုပ်စု(F)၌ ဒေါ့မွန်၊ အေစီမီလန်အသင်းတို့နှင့်အတူ ကျရောက်နေပြီး (၄)သင်းကြား အများဆုံးအမှတ် ကွာဟချက်မှာ (၃)မှတ်သာရှိနေသည်။
ထို့ ကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရမည့်အုပ်စုဟုလည်း ထင်ကြေးပေးခံထားရသည်။
ယင်းအခြေအနေတွင် အန်နရီကေးက နယူးကာဆယ်အသင်း ပြင်းပြင်းထန်ထန်ရုန်းကန်လာမည်ကို သတိထားရန်လည်း PSG ကစားသမားများကို သတိပေးခဲ့သည်။
၎င်းက ”ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးပွဲမှာ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အုပ်စုက အရမ်းခက်ခဲပါတယ်။ လက်ရှိအချိန်မှာ ပွဲတိုင်းက အဆုံးအဖြတ်ဖြစ်နေပါတယ်။ ရှုံးထွက်အဆင့်လို ဖြစ်နေပါတယ်။ လာမယ့်ပွဲစဉ်မှာ နောက်တစ်ဆင့်တက်နိုင်တဲ့အသင်းလည်း အဖြေထွက်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါတယ်”ဟု ဆိုခဲ့သည်။