ပြင်သစ်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ဂျရူးသည် နည်းပြ ဒေးရွှမ့်လက်ထက် ပွဲ(၁၀၀)ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဂျရူးသည် ဟန်ဂေရီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ အဆိုပါမှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံးဆိုပါက လက်ရွေးစင်အသင်းအတွက် (၁၀၉)ပွဲရှိပြီဖြစ်သည်။
ဂျရူး(၃၄ နှစ်)သည် နည်းပြ လောရင့်ဘလန့် ကိုင်တွယ်စဉ် ၂၀၁၁ ခုနှစ်က လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း(၈)ပွဲ ပါဝင်ကစားခဲ့သည်။
ထို့နောက် ယာယီနည်းပြကိုင်တွယ်စဉ် (၁)ပွဲကစားခဲ့ရပြီး နည်းပြ ဒေးရွှမ့်၏လက်ထက်၌ လက်ရွေးစင်အဖြစ် တောက်လျှောက်ရွေးချယ်ခံခဲ့ရကာ ပွဲ(၁၀၀)ပြည့်မှတ်တမ်းကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ နည်းပြတစ်ဦးတည်း၏ လက်အောက်၌ ပွဲ(၁၀၀)ပြည့်ခဲ့ခြင်းမှာလည်း ပြင်သစ်အသင်း၏သမိုင်းတွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။
နည်းပြ ဒေးရွှမ့်လက်ထက်၌ ဂျရူး၏နောက် ပွဲအများဆုံးကစားခွင့်ရထားသူများမှာ ဂရီးဇ်မန်း (၉၃ ပွဲ)၊ ဟူဂိုလိုရစ်(၉၀ ပွဲ)၊ ပေါ့ဘာ(၈၂ ပွဲ)နှင့် မာတွီဒီ(၈၀ ပွဲ)တို့ဖြစ်ကြောင်း သိရသည်။
ဂျရူးသည် နည်းပြ လောရင့်ဘလန့်လက်ထက် ယှဉ်ပြိုင်ကစားခဲ့သော (၈)ပွဲတွင် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒေးရွှမ့်လက်ထက်တွင်မူ ပွဲ(၁၀၀)တွင် (၄၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ပြင်သစ်လက်ရွေးစင်အသင်း၏ ပွဲအများဆုံးကစားသမားစာရင်းတွင် နံပါတ်(၅)နေရာ၌ ရပ်တည်နေသလို၊ ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်လည်း ဒုတိယနေရာ၌ ရပ်တည်နေသည်။
ထိပ်ဆုံးတွင် ဦးဆောင်နေသော အွန်နရီနှင့် (၅)ဂိုးသာ ကွာဟတော့သည့် အခြေအနေဖြစ်သောကြောင့် ပြင်သစ်အသင်း၏ ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း မျှော်လင့်ခွင့်ရှိနေသည်။