ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟော်လန်းက ဒေါ့မွန်-ဆီဗီလာပွဲတွင် ဆီဗီလာအသင်းဂိုးသမား ဘိုနူအား အော်ဟစ်လှောင်ပြောင်ခဲ့သည့်စကားလုံးများကို မမှတ်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ် ဒေါ့့မွန် (၂-၂) ဆီဗီလာပွဲတွင် ဒေါ့မွန်အသင်းသည် ပွဲချိန် (၅၄)မိနစ်တွင် ပယ်နယ်တီရရှိခဲ့ပြီး ဟော်လန်း ကန်သွင်းရာ ဆီဗီလာဂိုးသမား ဘိုနူကာ ကွယ်နိုင်ခဲ့သည်။
သို့သော် ဘိုနူအနေဖြင့် ဟော်လန်း ပယ်နယ်တီ မကန်သွင်းမီ စည်းအပြင်ထွက်နေသည့်အတွက် ကွင်းလယ်ဒိုင်က ယင်းပယ်နယ်တီကို ပြန်ကန်စေခဲ့သည်။
ဒုတိယအကြိမ်တွင်မူ ဟော်လန်းသည် ပယ်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဒေါ့မွန်အသင်းကို (၂-၀)ဂိုးဖြင့် ဦးဆောင်စေခဲ့သည်။
ယင်းပယ်နယ်တီကို ကန်သွင်းယူပြီးနောက် ဟော်လန်းသည် ဆီဗီလာဂိုးသမား ဘိုနူထံသို့ပြေးကာ အော်ဟစ်လှောင်ပြောင်ခဲ့ပြီး ယင်းနောက်တွင်မှ ကွင်းဘေးစည်းသို့ ပြေးလွှားကာ အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့သည်။
ဘိုနူအား အော်ဟစ်လှောင်ပြောင်ခဲ့သည့် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ဆီဗီလာကစားသမားများက ဒေါသထွက်ခဲ့ကြပြီး နှစ်ဖက်အသင်းကစားသမားများအကြား အချင်းများမှုများရှိခဲ့ရာ ကွင်းလယ်ဒိုင်က ဖျန်ဖြေခဲ့ရသည်။
အဆိုပါပွဲအပြီး AS နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဟော်လန်းက ”ကျွန်တော် ပယ်နယ်တီလွဲတော့ ဘိုနူက ကျွန်တော့်ကို လှောင်ရယ်ခဲ့ပါတယ်။ ကျွန်တော် နောက်တစ်ကြိမ် ကန်တဲ့အခါမှာတော့ ဘိုနူက လှောင်ရယ်နိုင်ခြင်း မရှိတော့ပါဘူး။ ပထမအကြိမ် ပယ်နယ်တီတုန်းက သူ ကျွန်တော့်ကို အော်ဟစ်လှောင်ပြောင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ နောက်တစ်ဂိုးသွင်းနိုင်တယ်လို့ တွေးနေခဲ့တာပါ။ အဲဒါဖြစ်လာတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဘိုနူနဲ့ ကျွန်တော့်အကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စမျိုးဟာ ဘောလုံးလောကမှာ ဖြစ်နေကျပါပဲ။ ကျွန်တော့်အနေနဲ့ ဘိုနူကို ဘာပြောခဲ့တယ်ဆိုတာတောင် မသိတော့ပါဘူး။ သူ ကျွန်တော့်ကို ပြောတဲ့အတိုင်း ကျွန်တော် ပြန်ပြောခဲ့တာပါ။ ဘာကိုဆိုလိုမှန်းတော့ ကျွန်တော် မသိပါဘူး” ဟု ပြောကြားခဲ့သည်။