ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန်အတွက် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများထံ ငွေကြေးခွင့်ပြုချက်ပေးခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက်(၂၀)နှစ်အရွယ်တိုက်စစ်မှူး ဟော်လန်းသည် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)ခန့် တန်ကြေးရှိသည်ဟု ဘောလုံးစီးပွားရေးကျွမ်းကျင်သူများက သတ်မှတ်ထားကြပြီး အေဘရာမိုဗစ်ချ်အနေဖြင့် ယင်းငွေကြေးကို ခွင့်ပြုပေးရန်အသင့်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲကစားရာတွင် (၄၁)ဂိုးသွင်းယူခဲ့သူ ဟော်လန်းကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းသာမက ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးအစရှိသောအသင်းများကလည်း စိတ်ဝင်စားနေကြပြီး အေဘရာမိုဗစ်ချ်က ယင်းအသင်းများထက် လက်ဦးမှုရယူပြီး ခေါ်ယူရန်ဆန္ဒရှိနေကြောင်း သိရသည်။
ဒေါ့မွန်အသင်းသည် ၎င်းတို့၏ တောင်ပံကစားသမားဖြစ်သူ အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို မန်ယူအသင်းသို့ ပေါင်(၇၃)သန်းဖြင့် ရောင်းချထားပြီး အကယ်၍ ဟော်လန်းကိုလည်း ပေါင်သန်း(၁၅၀)ခန့်ရရှိပါက ဆက်လက်ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။
ဟော်လန်းသည် ယခင်ကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းတွင်ကစားစဉ်က မန်ယူအသင်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး မန်ယူအသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများထွက်ပြီးမှ ဒေါ့မွန်အသင်းသို့ ရောက်ရှိသွားသူဖြစ်သည်။
ဒေါ့မွန်အသင်းသည် ၎င်းအား ၂၀၂၀ ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင်ဖြင့် စာချုပ်ခဲ့ပြီး (၄)နှစ်ခွဲ စာချုပ်ချုပ်ဆိုထားသည်။
လက်ရှိအချိန်တွင် ဥရောပထိပ်သီးအသင်းကြီးများ၏ပစ်မှတ်ဖြစ်နေသော ဟော်လန်းအား အသင်း၌ သွင်းဂိုးများစွာ တွေ့မြင်လိုနေသည့် အေဘရာမိုဗစ်ချ်က အရခေါ်ယူရန် အလိုရှိနေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၄)ရခဲ့ပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သော်လည်း အသင်း၏သွင်းဂိုးအရေအတွက်မှာ ဇယားထိပ်ဆုံးမှ အသင်း(၇)သင်း (ဥရောပဝင်ခွင့်ရအသင်းများ)ထဲတွင် အနည်းဆုံးဖြစ်ခဲ့သည်။
အဆင့် (၉)နေရာမှ လိဒ်စ်ယူနိုက်တက်အသင်းပင် ချယ်လ်ဆီးအသင်း ထက် သွင်းဂိုး(၄)ဂိုး ပိုများခဲ့ရာ အေဘရာမိုဗစ်ချ်သည် ဂျာမန် တိုက်စစ်ကစားသမားများဖြစ်သည့် ဗာနာ၊ ဟာဗက်ဇ်တို့ ဦးဆောင် သောတိုက်စစ်ကို ထပ်မံအားဖြည့်လိုနေခြင်းဖြစ်သည်။
အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းအား ဟော်လန်းအတွက် ငွေကြေးခွင့်ပြုချက်ပေးခဲ့သော်လည်း ၎င်းအား ခေါ်ယူမည်ဆိုပါက ချယ်လ်ဆီးအသင်းတာဝန်ရှိသူများအနေဖြင့် အသင်းရှိကစားသမားအချို့ကို ပြန်လည်ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်း ပြန်လည်ရောင်းချရန် စီစဉ်နေသောကစားသမားများမှာ အင်္ဂလန်တောင်ပံကစားသမား အိုဒွိုင်း၊ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်၊ မော်ရိုကိုတောင်ပံကစားသမား ဇီယာ့ရှ်တို့ ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
၎င်းကစားသမား(၃)ယောက်ကိုရောင်းချခြင်းဖြင့် ချယ်လ်ဆီးအသင်းသည် ပေါင်သန်း(၉၀) ခန့်ရရှိနိုင်ကြောင်း သိရသည်။