ချဲလ်ဆီး အသင်း ဟာ လာမယ့် စနေနေ့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဆင်နွှဲဖို့ ရှိနေပြီး ၊ ပေါ်တို အသင်းရဲ့ အိမ်ကွင်း အက်စတက်ဒီယိုဒို ဒရေဂေါင် မှာ မန်စီးတီး အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။
ဒီ ဗိုလ်လုပွဲ အဆင့်ကို ချဲလ်ဆီး အသင်းဟာ နာမည်ကြီး ရီးရဲလ်မက်ဒရစ် အသင်းကို ဆီမီးဖိုင်နယ်မှာ ၂ကျော့ပေါင်း ရလဒ် ၃ – ၁ နဲ့ အနိုင်ယူပြီး တက်ရောက်လာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး အသင်းဟာ အခြား စပိန် ကလပ် ၂သင်းဖြစ်တဲ့ အက်သလက်တီကို နဲ့ ဆီဗီးလား အသင်းတွေကို ၁၆သင်း ရှုံးထွက်အဆင့်နဲ့ အုပ်စု အဆင့်တွေမှာ ရင်ဆိုင်ခဲ့ရပြီး ထိုအသင်းတွေကိုလည်း ရှုံးပွဲ မရှိ ကစားနိုင်ခဲ့ပါတယ် ။
ပြိုင်ပွဲ တလျှောက် Clean Sheet အများဆုံးနဲ့ ခံစစ် စွမ်းဆောင်ရည်ကောင်းတွေ ပြခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ ဒီနှစ် ချန်ပီယံလိဂ် စတင် ကတည်းက ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ကလပ် တသင်း အဖြစ် ရပ်တည်ခဲ့တဲ့ မန်စီးတီးကို ဘယ်လို ရင်ဆိုင် တုန့်ပြန်ပြမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။
ဒီရာသီ ချဲလ်ဆီး အသင်းသို့ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကိုင်ဟာဗက်ဇ် ကတော့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ထက် ၊ ၁၆သင်း နဲ့ ကွာတား အဆင့်တွေမှာ ထိပ်တိုက်တွေ့ခဲ့ရတဲ့ အက်သလက်တီကို ၊ ပေါ်တို အသင်းတွေကို သူ့ရဲ့ အခက်ခဲဆုံး ချန်ပီယံလိဂ် ပြိုင်ဖက်တွေ အဖြစ် ရွေးချယ်ခဲ့ပါတယ် ။
ချဲလ်ဆီး အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာဗက်ဇ် က ” ပေါ်တိုနဲ့ အက်သလက်တီကို ဟာ သူတို့ရဲ့ ကျစ်လျစ်လှတဲ့ ခံစစ် ကစားပုံကြောင့် ကျွန်တော်တို့ အတွက် ကစားရ အရမ်း ခက်ခဲတဲ့ ပြိုင်ဖက်တွေ ဖြစ်ကြပါတယ် ။ ”
” သူတို့ဟာ ကိုယ်ပိုင် ခံစစ်ဇုန်မှာ ကျောက်ချ ကစားပြီး ၊ ပြိုင်ဖက်တွေရဲ့ အမှားတွေကို စောင့်ကြည့် အခွင့်ကောင်းယူ ၊ တုန့်ပြန် ကစားတတ်တဲ့ အသင်းတွေ ဖြစ်ပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီ ၂သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေဟာ အခက်ခဲဆုံးပါ ။ ”
” အနှစ်သက်ဆုံး ချန်ပီယံလိဂ်ပွဲကို ရွေးချယ်ရမယ်ဆိုရင်တော့ ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲပါပဲ ။ နောက်ထပ် တချို့ ပွဲကောင်းလေးတွေ ရှိပေမယ့် ၊ ထောက်ပြဖို့ အကောင်းဆုံးပွဲကတော့ ရီးရဲလ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က ပွဲပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဟာဗက်ဇ် ဟာ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာ ဖြစ်လို့ ၊ စရောက်ရောက်ချင်း ခြေစွမ်းပြနိုင်ဖို့ အထူး ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့အပြင် ကိုဗစ် နဲ့ ဒဏ်ရာ ပြဿနာ အချို့က ၎င်းရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပေါ် အနည်းနဲ့ အများ သက်ရောက်မှု ရှိခဲ့ပါတယ် ။
ယခင် နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက်မှာ ပုံစံကောင်း တည်နိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ နည်းပြသစ် သောမတ်စ် တူချယ် လက်ထက်မှာတော့ ဟာဗက်ဇ် ဟာ ပွဲတချို့မှာ တိုးတက်တဲ့ ခြေစွမ်း အရိပ်အယောင်တွေနဲ့ သွင်းဂိုး တချို့ စွမ်းဆောင် ပေးနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ် ။
ပေါ်တိုမှာ ကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်မီ ဟာဗက်ဇ် က ” ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ် က ကစားခဲ့တဲ့ ပွဲတချို့မှာ အနိုင်ရလဒ်တွေ နဲ့ ကစားပုံကောင်းတွေ စွမ်းဆောင်နိုင်ခဲ့ပြီး ၊ ဒါတွေက ကိုယ့်ရဲ့ ယုံကြည်မှု တိုးတက်လာရေးကို အထောက်အကူ ပေးခဲ့ပါတယ် ။ ”
” ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာ ဘောလုံးမှာ ယေဘူယျအားဖြင့် အရမ်း အရေးကြီးပြီး ၊ ဒါကို လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း အများကြီး တိုးတက်အောင် ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒီတော့ ဒါဟာ ပြောင်းလဲမှု ဖြစ်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။