မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းဟာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့ထားရပြီး နောက်လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်နေရတာကြောင့် ဒီရာသီအတွက် ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်လို့မရနိုင်တော့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အောက်တိုဘာလအကုန်မှာကတည်းက ပြိုင်ပွဲစုံမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ခဲ့ရတဲ့ မန်စီးတီဟာ နောက်ဆုံး ၁၄ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ၉ ပွဲရှုံးကာ ၃ ပွဲသရေကျခဲ့ပါတယ်။ အဆိုပါရလဒ်တွေကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေရပြီး ရမှတ် ၃၁ မှတ်သာစုဆောင်းထားနိုင်သေးတာဖြစ်ပါတယ်။
တစ်ဖက်မှာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတဲ့ လီဗာပူးကတော့ ပုံစံကောင်းတောက်လျှောက်ရရှိနေပြီး တစ်ပွဲလျော့အနေအထားနဲ့ မန်စီးတီးကို ၁၄ မှတ်အထိဖြတ်တောက်ထားနိုင်ပါတယ်။ပြည်တွင်းပြိုင်ပွဲမှာသာမက မန်စီးတီးဟာ ချန်ပီယံလိဂ်မှာပါ ရုန်းကန်နေရတာဖြစ်ပြီး အုပ်စုရဲ့ အဆင့် ၂၂ နေရာမှာရပ်တည်နေကာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ အုပ်စုအတွင်း ၆ ပွဲကစားထားရာမှာ မန်စီးတီးဟာ ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၂ ပွဲရှုံးရလဒ်ကိုသာပုံဖော်ထားနိုင်တာကြောင့် ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခွာရမယ့်အရေးနဲ့လည်းရင်ဆိုင်နေရပါတယ်။
မန်စီးတီးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဘာနာဒိုဆေးလ်ဗားက “အခုချိန်မှာတော့ ကျွန်တော်တို့ အမှန်တရားကိုလက်ခံရပါတော့မယ်။ ကျွန်တော့်အနေနဲ့ လီဗာပူးတို့ အာဆင်နယ်တို့ဘယ်လောက်အထိကောင်းနေတယ်ဆိုတာကို အာရုံစိုက်ဖို့အချိန်မရပါဘူး။ လာမယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်နေပြီး အဆင့် ၅ ဒါမှမဟုတ် အဆင့် ၄ နေရာကိုရောက်ဖို့ပဲကြိုးစားနေရပါတယ်”
“ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာမရှိလို့ ကျွန်တော်တို့ပရီးမီးယားလိဂ်ဖလားကို မရနိုင်တော့ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မန်စီးတီးက ချန်ပီယံပြေးလမ်းကြောင်းထဲမှာမရှိတော့ပါဘူး။ ကျွန်တော်တို့အရမ်းနောက်ကျသွားပါပြီ။ ဒီရာသီမှာတော့ ကျွန်တော်တို့ ဒီဖလားကိုဆုံးရှုံးသွားပါပြီ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ မန်စီးတီးဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်နိုင်ပွဲ တဖန်ပြန်လည်ရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။