မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်သည် ဘာစီလိုနာအသင်းထံမှ ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်း၏ အပြောင်းအရွှေ့ကို ယခုတစ်ပတ်အတွင်း အပြီးသတ်နိုင်ရန် မျှော်လင့်နေပြီး၊ ၎င်းကို ခေါ်ယူပြီးပါက ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူသွားလိုကြောင်းလည်း သိရှိရသည်။
မန်ယူအသင်းသည် လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ဖရန်ကီဒီယွန်းအား ပြောင်းရွှေ့ ကြေး ပေါင် (၇၄)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်းလည်း သိရှိရသည်။
မန်ယူအသင်းသည် ဒီယွန်းအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၅၆)သန်းကိုသာ ပေးချေရမည်ဖြစ်ပြီး ကျန်ငွေ ပေါင် (၁၈)သန်းကိုမူ အနာဂတ်အောင်မြင်မှုများအပေါ် မူတည်ကာ ထပ်မံပေးချေရမည်ဖြစ်သည်။
ယင်းအတွက်ကြောင့် တန်ဟက်ဂ်က ကစားသမားနှင့် ပုဂ္ဂိုလ်ရေ ညှိနှိုင်းမှုများကို အမြန်ဆုံးအပြီးသတ်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်ပြီး ဒီယွန်းကို ခေါ်ယူပြီးပါက အဲရစ်ဆင်ကို အမြန်ဆုံးခေါ်ယူရန် စိတ်ဝင်စားနေခြင်းလည်းဖြစ်သည်။
မန်ယူအသင်း၏ ကွင်းလယ်လူများဖြစ်သည့် မာတစ်၊ မာတာ၊ ပေါ့ဘာ၊ လင်ဂတ် စသည့် ကစားသမားများသည် အသင်းမှ ထွက်ခွာသွားကြပြီဖြစ်ပြီး တန်ဟက်ဂ်သည် အသင်းကို ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံးပြုလုပ်သွားရန်လည်း စိတ်ဝင်စားနေသည်။
တန်ဟက်ဂ်သည် မန်ယူအသင်း၏ ရာသီကြိုခရီးစဉ်များအဖြစ် သွားရောက်မည့် ထိုင်းနှင့် သြစတြေးလျခရီးစဉ်များတွင် ကစားသမားသစ်များကိုပါ ခေါ်ဆောင်သွားလိုခြင်းလည်းဖြစ်သည်။