မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ ပွဲကျန် တစ်ပွဲ အဖြစ် ဘန်လေ အသင်းကို တာ့ဖ် မူးရ် ကွင်းထဲမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ အဖိုးတန် အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။
ဒီပွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တစ်လုံး တည်းသော သွင်းဂိုးကို တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ဖန်တီးမှု က တစ်ဆင့် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က ပွဲချိန် 71 မိနစ်မှာ သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။
အဆိုပါ နိုင်ပွဲကြောင့် အခုတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 1 နေရာကို တက်ရောက် သွားနိုင် ခဲ့ကြ ပါပြီ ။ ဒါဟာ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ ခဲ့တဲ့နောက် ဇန်နဝါရီမှာ ပထမဆုံး အကြိမ် အဖြစ် အမှတ်ပေး ဇယားကို ဦးဆောင်ခြင်း ဖြစ်သွား ခဲ့ရ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် အသင်းကို ဆိုးလ်ရှား ကိုင်တွယ် နေခဲ့တဲ့ ကာလ အတွင်းမှာ ယူနိုက်တက်တို့ ပထမဆုံး အကြိမ် အဖြစ် အမှတ်ပေး ဇယားကို ဦးဆောင်သူ ဖြစ်သွား ခဲ့ကြ ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်းသား တွေရဲ့ စိတ်ဓါတ်ပိုင်းကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။
ဒါ့အပြင် လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပွဲကောင်း တစ်ပွဲ ကစားဖို့ အတွက် အခုထက် ပိုမို ကောင်းမွန်တဲ့ အခွင့်အရေးကို တောင်းဆိုလို့ မရနိုင်ကြောင်း ၊ ဘန်လေ အသင်းကို နိုင်ဖို့ အတော်ကြီး တိုက်ပွဲဝင်ခဲ့ရကြောင်း ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
” ဒါဟာ နောက်တစ်ပွဲ ကစားရဖို့ အတွက် အကောင်းဆုံး အနေအထား တစ်ရပ် ပါပဲ ။ ဘန်လေ နဲ့ ပွဲစဉ်က ခက်ခဲလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ကြ ပါတယ် ။ လီဗာပူး ကတော့ တစ်ကယ့်ကို အလန်းစား သုံးနှစ်ခွဲ အချိန် တစ်ခုကို ပိုင်ဆိုင် ထားနိုင် ခဲ့တဲ့ အသင်းပါ ။ ဒါပေမယ့် ဒီပွဲ အတွက် ကျွန်တော်တို့ အသင့် ရှိနေပြီ ကစားဖို့ စိတ်လှုပ်ရှား နေကြ ပါတယ် ”
” ကျွန်တော်တို့ ဒီလို ပွဲစဉ်ကို ကစား ရဖို့ အတွက် အခုထက် ပိုပြီး ကောင်းမွန်တဲ့ အခွင့်အရေး တောင်းဆိုလို့ မရနိုင် ပါဘူး ။ ဒီလို ပွဲစဉ် ကစားဖို့ ကျွန်တော်တို့ ဆာလောင် နေခဲ့ကြ ပါတယ် ။ ဒါက အသင်းရဲ့ စရိုက် လက္ခဏာ နဲ့ အရည်အသွေးကို အစမ်းသပ် ခံရမယ့် ပွဲစဉ် တစ်ပွဲ ပါပဲ ။ ဒါကို ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အနေအထားကောင်း တစ်ခု ပိုင်ဆိုင် နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
ယူနိုက်တက် တို့ဟာ ဘန်လေ နဲ့ ပွဲစဉ်မှာ ဂိုးပေါက် ခြိမ်းခြောက်မှု အတော်လေး လုပ်ဆောင် နိုင်ခဲ့ကြပေမယ့် လက်တွေ့မှာ ဂိုး သွင်းယူ နိုင်ဖို့ အခက်တွေ့ နေခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ဟာ ပေါ့ဂ်ဘာ ရဲ့ ကန်ချက် နဲ့သာ ဂိုး ရရှိ ခဲ့ပြီး ပွဲစဉ်ကို ခက်ခက်ခဲခဲ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုလို ခက်ခက်ခဲခဲ အနိုင် ကစား ရတာ နဲ့ ပတ်သက်လို့ …
” ဘန်လေဟာ ကောင်းကောင်း စုဖွဲ့ ကစားနိုင်တဲ့ အသင်း တစ်သင်းပါ ။ သူတို့ နေရာလွတ်တွေ မပေးရအောင် ကစားပြ နိုင်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ နေရာလွတ် ရှာဖွေ နိုင်ခဲ့ကြ ပါတယ် ။ ရပ်ရှ်ဖို့ ရဲ့ ပေးပို့မှု အထူး ကောင်းခဲ့ သလို ပေါ့ဂ်ဘာ ရဲ့ အဆုံးသတ်လည်း ကောင်းမွန်ခဲ့ ပါတယ် ။ ကျွန်တော်တို့ဟာ ပွဲစဉ်ကို တည်ငြိမ် အေးဆေးစွာ မကစား ခဲ့ရ ပါဘူး ။ ကျွန်တော်တို့ ခက်ခဲတဲ့ နိုင်ပွဲ တစ်ခု ရယူခဲ့ ကြတာပါ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။