အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် လီဗာပူးလ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ အန်သော်နီတေလာကို ၀ိုင်းဝန်းစောဒကတက်ခဲ့ကြသည့် ချယ်လ်ဆီးအသင်းကစားသမားများ၏လုပ်ရပ်အတွက် ကလပ်အသင်းကို စွဲချက် (၂)ခုတင်ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲ၏ ပထမပိုင်းပြီးခါနီး ပွဲချိန် (၄၈) မိနစ်တွင် ချယ်လ်ဆီးအသင်း၏ နောက်ခံလူ ရီးစ်ဂျိမ်းစ်သည် လီဗာပူးလ်အသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးကို တားဆီးရန် ကြိုးစားရင်း ဘောလုံးကို လက်ဖြင့် ထိမိခဲ့သည်။
ကွင်းလယ်ဒိုင်က ကွင်းပြင်မော်နီတာကို ပြန်လည်ကြည့်ရှုပြီးနောက် ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့သလို၊ ရီးစ်ဂျိမ်းစ်ကိုလည်း အနီကတ်ပြထုတ်ပယ်ခဲ့သည်။
ယင်းအတွက်ကြောင့် ချယ်လ်ဆီးကစားသမားများသည် အန်သော်နီတေလာကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသလို၊ ပထမပိုင်းအပြီးတွင်လည်း ဆက်လက်ကန့်ကွက်ခဲ့ကြသည်။
ယင်းအတွက်ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ”ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ စည်းမျဉ်း (၂)ခုကို ချိုးဖောက်ခဲ့ပါတယ်။ သူတို့အသင်းက ကစားသမားတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကို တားဆီးထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ဒီဖြစ်ရပ်ဟာ ပထမပိုင်းအပြီးမှာလည်း ဆက်ဖြစ်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။