မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ လ တုန်းက အသင်းမှ ထွက်ခွာဖို့ အတွက် အတော်လေး သတင်းကြီး ခဲ့ပါ သေးတယ် ။ ဒါဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် ရိုးတဲ့ သတင်း တစ်ခုတောင် ဖြစ်နေခဲ့ ပါပြီ ။
ဒီလို အနေအထား တစ်ရပ်မှာ သူ့ကို ခေါ်ယူဖို့ သတင်းကြီး နေခဲ့ကြတဲ့ အသင်းတွေ ကလည်း အသင်းဟောင်း ဂျူဗင်တပ် နဲ့ တစ်နိုင်ငံ တည်းသား ဖြစ်သူ ဇနက်ဒင်း ဇီဒန်း ဦးဆောင် နေခဲ့တဲ့ စပိန် ထိပ်သီး ကလပ် ရီးယဲ မက်ဒရစ် အသင်း တို့ပဲ ဖြစ်နေ ခဲ့ကြ ပြန်ပါတယ် ။
ဒါပေမယ့် ပြသနာ တစ်ရပ် ကတော့ ကစားသမား အတွက် ငွေသားပေးပြီး ကမ်းလှမ်းရေး လုပ်ဆောင်ခြင်း ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက် ပျံ့နှံ့ နေခဲ့ရတဲ့ လက်တလော အချိန်မှာ ဥရောပ ထိပ်သီး ကလပ်တိုင်းက ဝင်ငွေတွေ အနည်းနဲ့ အများ ထိခိုက် နေခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် ဂျူူဗင်တပ် အသင်းရော ရီးယဲ မက်ဒရစ် အသင်းကပါ ပေါ့ဂ်ဘာကို ခေါ်ယူ နိုင်ရေး အတွက် ကစားသမား အလဲအထပ် လုပ်ဆောင်တဲ့ နည်းလမ်းကို လာမယ့် အပြောင်းအရွှေ့မှာ အသုံးပြု သွားဖွယ် ရှိလာလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပြန် ပါတယ် ။
ဒီလို အနေအထား တစ်ရပ်မှာ တူရင် မြေကနေ ထွက်ခွာ နိုင်ဖို့ သတင်းကြီး လာခဲ့တဲ့ ကစားသမား ကတော့ တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလားပဲ ဖြစ်ခဲ့ရ ပါတယ် ။ ဟုတ်ပါတယ် ၊ ဒိုင်ဘားလားဟာ အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ကိစ္စ ကြန့်ကြာ နေခဲ့တဲ့ အတွက် အသင်းမှ ထွက်ခွာဖို့ သတင်းကြီး နေသူပဲ ဖြစ်ပါတယ် ။
သူဟာ ပြီးခဲ့တဲ့ 18 လတာ အချိန် ကာလ အတွင်းမှာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းထဲ ပုံမှန် ပါဝင် ကစားခွင့် မရရှိခဲ့ပဲ ပွဲထွက်လိုက် ၊ လူစားဝင် ကစားလိုက် နဲ့သာ အချိန်တွေ ကုန်ဆုံး နေခဲ့ရ ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေး ကျဆင်း နေပြီလား ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်သူတော့ မရှိခဲ့ပါဘူး ။
အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရင် ကတည်းက ဒိုင်ဘားလားကို စိတ်ဝင်စားတဲ့ အသင်း အဖြစ် ရှိနေခဲ့ဖူး ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် တော့တင်ဟမ် ဟော့ စပါး အသင်း ကလည်း ဒိုင်ဘားလား ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှု တွေကို ပြသခဲ့ဖူးပါ သေးတယ် ။
အခုတော့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဖေဘီယို ကာပယ်လို က သူသာ ဆိုရင် ဒိုင်ဘားလား ကို ပေါ့ဂ်ဘာ နဲ့ လဲလှယ် သွားမှာ မဟုတ်ကြောင်း ၊ သူ့မှာသာ အခွင့် ရှိနေမယ် ဆိုရင် အာဂျင်တိုင်းသားကို တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့သာ လဲလှယ် သွားမှာ ဖြစ်ကြောင်း အသင်းဟောင်းကို သတိပေး သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် ပြောခဲ့သလို ပါပဲ ။ ကျွန်တော်ဟာ ပေါဂ်ဘာကို ရရှိဖို့ အတွက် ဒိုင်ဘားလား နဲ့ ကစားသမား အလဲအထပ် လုပ်ဆောင် သွားမှာ မဟုတ်ပါဘူး ။ အကယ်လို့ ကျွန်တော့်ဆီမှာသာ လုပ်ပိုင်ခွင့် ရှိနေမယ် ဆိုရင် သူ့ကို အင်္ဂလန်သား ဟယ်ရီကိန်းနဲ့ပဲ အလဲအထပ် လုပ်ဆောင် သွားမှာပါ ” လို့ ကာပယ်လိုက ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။
ဟယ်ရီကိန်းဟာ လက်ရှိ အချိန်မှာ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် ပုံစံကောင်း ပြသပြီး ကစားပေးနေပေမယ့် ဆုဖလားတွေကိုသာ မဆွတ်ခူးနိုင်ပါက သူ့ကိုအသင်းမှာ ဆက်လက် ထိန်းထား နိုင်ဖို့ လွယ်ကူမှာ မဟုတ်တော့ပါဘူး ။ ဒါ့ကြောင့် သူဟာ ဈေးကွက်ထဲမှာ အချိန်မရွေး ရောက်လာနိုင်မယ့် ကစား သမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရ ပါတယ် ။