တော့တင်ဟမ်အသင်းနည်းပြ ပိုစတီကိုဂလူက ဒဏ်ရာပြဿနာများနေချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ အခုဆောင်းဈေးကွက်မှာ လူသစ်ခေါ်ယူရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။
တော့တင်ဟမ်မှာ စီနီယာကစားသမား ၈ ဦးလောက်အထိ ဒဏ်ရာရရှိနေပြီး ဆိုလန်ကီ ၊ ဗီကာရီယို ၊ အူဒိုဂီ ၊ ဂျွန်ဆင် ၊ ဝါနာ ၊ ဗန်ဒီဗန် ၊ ရိုမဲရိုး နဲ့ အိုဒိုဘတ်တို့ ဒဏ်ရာရရှိနေပါတယ်။ အဆိုပါကစားသမားတွေဟာ အခုအပတ်လက်စတာနဲ့ပွဲကို လွဲချော်မှာဖြစ်သလို ပါပီဆား ၊ စပန်ဆီ ၊ ရီဂူလွန် နဲ့ ဘစ်ဆူးမားတို့လည်း လက်စတာနဲ့ပွဲအတွက် မသေချာသေးတာဖြစ်ပါတယ်။
အခုလိုစီနီယာကစားသမားတော်တော်များများဒဏ်ရာပြဿနာရနေချိန်မှာပဲ ပိုစတီကိုဂလူက ဇန်နဝါရီအပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ခေါ်ယူဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ၂၂ ပွဲကစားပြီးချိန်မှာ ၇ ပွဲသာအနိုင်ရရှိထားပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ရာသီဆိုးတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။
“အသင်းအတွက် အခွင့်အရေးကိုကြိုးစားနေတာ ကျွန်တော်မဟုတ်သလို အခုချိန်မှာ ကျွန်တော်လုပ်ရမယ့်အရာလည်း မဟုတ်ပါဘူး။ ဒီအချိန်မှမလုပ်ဘူးဆိုရင် အသင်းအနေနဲ့ တော်တော်လေးဆိုးဝါးလာနိုင်ပါတယ်။ ဒီအသင်းက အကူအညီလိုအပ်နေပါတယ်။ အဲ့တာက သံသယရှိစရာမလိုပါဘူး။ ကျွန်တော်တို့ ဘယ်သူမှမခေါ်ပဲ ဆက်ကစားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒါပေမယ့် အသင်းဘက်က အခုအခြေအနေကိုပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာလည်း မြင်နိုင်ပါတယ်”လို့ အသက် ၅၉ နှစ်သားက ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဇန်နဝါရီ ၃၀ ရက်နေ့မှာ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ပွဲအဖြစ် Elfsborg အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။