မန်ယူနည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားများ ခေါ်ယူမည်ဟု ပြောဆိုခဲ့ခြင်းမှာ မှားယွင်းကြောင်း ပြောကြားခဲ့သည်။
ဆိုးလ်ရှားသည် ပြီးခဲ့သည့် ဧပြီလက မိမိတို့အနေဖြင့် ၂၀၂၀-၂၁ ရာသီတွင် ထိပ်တန်းကစားသမားများကို ခေါ်ယူကာ အသင်းကို အင်အားဖြည့်တင်းသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အဓိကကစားသမား ခေါ်ယူမှုအဖြစ် အေဂျက်စ်အသင်းမှာ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်တစ်ဦးတည်းကိုသာ ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူထားနိုင်သေးသည်။
ဆိုးလ်ရှားက “Lockdown ကာလတုန်းက ကျွန်တော်ပြောခဲ့တဲ့စကား(ထိပ်တန်းကစားသမားများ ခေါ်ယူမည်ဆိုသော စကားကို ဆိုလိုသည်)က ကျွန်တော့်အတွက် အတော်လေးကို ဆိုးတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာကို အဲဒီလိုသဘော မဟုတ်ပါဘူး။ အသင်းအနေနဲ့ ကစားသမားပိုင်းကို အင်အားဖြည့်တင်းဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီအနေအထားမှာ မရှိပါဘူး။ ကပ်ဘေးကြောင့် တခြားအသင်းတွေလိုပဲ ကျွန်တော်တို့အသင်းလည်း ငွေကြေးများစွာ ဆုံးရှုံးခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။
ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အောက်တိုဘာ (၅)ရက်(တနင်္လာနေ့)တွင် ပိတ်သိမ်းမည်ဖြစ်ပြီး အသင်းအနေဖြင့် ယင်းမတိုင်မီ ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း ဆိုးလ်ရှားက ပြောကြားခဲ့သည်။