မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ထပ်ဆောင်းအချိန်ပိုခွင့်ပြုသည့် စည်းမျဉ်းသစ်ကို မေးခွန်းထုတ်ခဲ့ပြီး ယခုပုံစံအတိုင်းဆိုလျှင် နောက်တစ်နေ့ နံနက်အထိ ဆက်ကစားရမည်ဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ဒုတိယပိုင်းနာကျင်အချိန်ပိုကို ရှစ်မိနစ်ခွင့်ပြုထားသော်လည်း အာဆင်နယ်အသင်းက ၉၀+၁၁ မိနစ်တွင် ချေပဂိုးသွင်းယူကာ ပယ်နယ်တီဖြင့် အနိုင်ရခဲ့သည်။
နာကျင်အချိန်ပိုတွင် ဝေါ်လ်ကာနှင့် ပါတေး ခေါင်းချင်းတိုက်မိသဖြင့် ငါးမိနစ်ခန့် ဆေးကုသမှုပြုလုပ်ခဲ့ရသောကြောင့် မူလခွင့်ပြုထားသည့် ရှစ်မိနစ်ထက် ကျော်လွန်သွားခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ဂွါဒီယိုလာက ”ဒါက အဲဒီလိုဆုံးဖြတ်ခဲ့တဲ့ ညဏ်ကြီးရှင်တွေအတွက် မေးခွန်းထုတ်စရာပါ။ ပွဲစဉ်တွေအများကြီးရှိပြီး ပွဲတိုင်းကို ရှစ်မိနစ်၊ ၁၀ မိနစ်လောက် ထပ်ပေါင်းနေမယ်ဆိုရင်ပေါ့။ ဒါပေမဲ့ နားထောင်ပါဦး။ သူတို့တွေက ကျွန်တော်တို့ရဲ့အမြင်တွေ၊ ဘောလုံးလောကမှာရှိသူတွေ၊ မန်နေဂျာတွေ၊ ကစားသမားတွေနဲ့ ဘယ်တော့မှ တိုင်ပင်လေ့မရှိပါဘူး။ သူတို့အမြင်က ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံရပါတယ်။ အခုဆိုရင် ပွဲစဉ်တွေက မိနစ် ၁၀၀ လောက်ရှိမယ်ဆိုတာ သေချာပါတယ်။ ဒီနေ့လိုမျိုး ရှစ်မိနစ်ပေးတာ တစ်ခါမှမကြုံဖူးပါဘူး။ ဂိုးသွင်းပြီးတဲ့အချိန်တွေကိုပါ ထပ်တိုးမယ်ဆိုရင် (၄-၃) ဂိုးသွင်းတဲ့ပွဲကို မြင်ယောင်ကြည့်လိုက်ပါ။ ခုနစ်ဂိုးအတွက် စက္ကန့် ၃၀၊ ၄၅ စက္ကန့် လောက်ထပ်ပေါင်းမယ်ဆိုရင် နောက်တစ်နေ့ နံနက် ၉ နာရီအထိ ကျွန်တော်တို့ ကစားနေရမှာပါ”ဟု ဝေဖန်ပြောကြားသည်။