တော့တင်ဟမ် အသင်းကို ၃-၁ နဲ့ အနိုင်ရတဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားသမားတွေ အကြောင်း လူပြောများ ခဲ့ပေမယ့် နည်းပြ အာတီတာ ကတော့ ကွင်းလယ်ကို လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့တဲ့ ပါတေး နဲ့ ရှာကာ တို့ကို ချီးကျူး သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ တော့တင်ဟမ် နဲ့ပွဲ ပထမပိုင်းမှာ ကစားပုံ အတော်လေး ကောင်းခဲ့ပြီး စမစ်ရို ၊ အော်ဘာမီယန်း ၊ ဆာကာ တို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ အာဆင်နယ် အသင်းဟာ ကစားအား ချလိုက်တာကြောင့် တော့တင်ဟမ် က ဖိအား ပြန်ပေးခဲ့ပြီး ဆွန်ဟောင်မင် က ချေပဂိုး တစ်ဂိုးပြန်လည် သွင်းယူ သွားခဲ့ပါတယ် ။
အာတီတာ ဟာ တော့တင်ဟမ် နဲ့ ပွဲမှာ ပါတေး နဲ့ ပွဲပယ်ပြစ်ဒဏ် စေ့သွားတဲ့ ရှာကာ တို့ကို တွဲဖက် ပေးခဲ့ပြီး နှစ်ဦးစလုံး ပုံစံကောင်း ပြသ နိုင်ခဲ့ပါတယ် ။ ပွဲအပြီးမှာ အာတီတာ ” ကျွန်တော်လိုချင် မျှော်လင့်နေတဲ့ စီနီယာ နဲ့ လူငယ် အကောင်းဆုံး တွဲဖက် ကစားနိုင်တဲ့ ပွဲတစ်ပွဲပါ ။ ”
” စီနီယာ ကစားသမားတွေကလည်း ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ် ။ ရှာကာ နဲ့ သောမက်စ် ပါတေး တို့ရဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းကိုလည်း တွေ့ရပါတယ် ။ လူငယ်တွေကလည်း စိတ်အားတက်ကြွမှု ရှိရှိ ၊ နိုင်ချင်စိတ် ၊ ကြိုးစား အားထုတ်မှု အပြည့်နဲ့ ကစားသွားခဲ့ကြပါတယ် ။ ”
တော့တင်ဟမ် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ဟာ ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် လိုကွန်ဂါ နဲ့ လူစားလဲ ခဲ့ရပါတယ် ။ နည်းပြ အာတီတာကတော့ ဆွစ်ဇာလန်သား ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဆိုပါတယ် ။
” မထင်မှတ်ဘဲ နဲ့ သူ ဒဏ်ရာ ရသွားခဲ့တယ်ပေါ့ဗျာ ၊ ကျွန်တော် အတော်လေး စိုးရိမ်မိပါတယ် ၊ အခု ကြည့်ရသလောက် ဒဏ်ရာ အခြေအနေ က အပေါင်း လက္ခဏာ သိပ်မဆောင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းကို အနိုင်ရတာကြောင့် သုံးပွဲဆက် အနိုင် ရရှိ သွားခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၁၀ ကို ရောက်လာကာ အဆင့် ၂ က အသင်း နဲ့ ရမှတ် ၄ မှတ်သာ ကွာဟ ပါတော့တယ် ။
အာဆင်နယ် အသင်းဟာ လာမယ့် အပတ်မှာတော့ ဒီရာသီ ရလဒ်ကောင်းတွေ ရနေတဲ့ ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ် ။