အာဂျင်တီးနားအသင်း၏ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ဥရုဂွေးအသင်းနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ပြီးနောက် တောင်အမေရိကဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုး (၈၀)ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
မက်ဆီ မတိုင်မီအထိ တောင်အမေရိကနိုင်ငံများထဲတွင် လက်ရွေးစင်သွင်းဂိုး အများဆုံးသွင်းယူထားသည့် ကစားသမားမှာ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဖြစ်ပြီး၊ ပီလီသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် သွင်းဂိုး (၇၇)ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။
မက်ဆီသည် ပီလီထက် တစ်ဂိုးလျော့နေသည့်အနေအထားမှ ဘိုလစ်ဗီးယားအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုး (၇၉)ဂိုးအထိ ရှိလာခဲ့ပြီး ပီလီကို ကျော်ဖြတ်ကာ တောင်အမေရိက၏ ဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ် ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင်လည်း ဖြတ်တင်ဘော ပေးပို့ရာမှ မထင်မှတ်ဘဲ ဂိုးရရှိခဲ့သည့်အတွက် သွင်းဂိုးတစ်ဂိုး ထပ်မံတိုးလာခဲ့ရာ တောင်အမေရိကဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုး (၈၀) ပြည့်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်သည်။
မက်ဆီက ယင်းပွဲစဉ်နှင့်ပတ်သက်ပြီး အာဂျင်တီးနားအသင်းသည် အလွန်ကောင်းမွန်သည့် ခြေစွမ်းကို ပြသနိုင်ခဲ့သည်ဟု မှတ်ချက်ပေးခဲ့သလို၊ လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ခြင်းအတွက်လည်း ဝမ်းမြောက်သည်ဟု ပြောကြားခဲ့သည်။
မက်ဆီသည် ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် သူ၏ အောင်မြင်မှုနှင့် မှတ်တမ်းများအတွက် CONMEBOL ဘောလုံးအဖွဲ့ချုပ်၏ အထူးဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။