ချယ်လ်ဆီးအသင်းသည် နည်းပြ သောမတ်စ်တူ ဟယ်လ်ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပယ်နယ်တီအများဆုံးရရှိသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စုစုပေါင်း(၁၂)ကြိမ်ရရှိခဲ့ကြောင်း သိရသည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းကို ဇန်နဝါရီလတွင် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်နှင့် ဂိုးမရှိသရေကျခဲ့သောပွဲဖြစ်သည်။
ထို့နောက်စပါးနှင့် ယှဉ်ပြိုင်ခဲ့သည့် တတိယမြောက်ပွဲတွင် ပယ်နယ်တီစတင်ရရှိခဲ့ပြီး ဂျော်ဂျင်ဟိုကပင် သွင်းယူခဲ့သည်။ တူဟယ်လ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)ပွဲ ကိုင်တွယ်ခဲ့ရသလို၊ လက်ရှိရာသီတွင်လည်း (၁၉)ပွဲရှိပြီဖြစ်၍ (၃၈)ပွဲရှိသွားခဲ့ပြီဖြစ်ပြီး ပယ်နယ်တီရရှိသည့်ပွဲမှာ (၁၀)ပွဲရှိခဲ့သည်။
ထို့ပြင် တစ်ပွဲတည်း (၂)ကြိမ်ရရှိသည့်ပွဲလည်း (၂)ပွဲရှိခဲ့သောကြောင့် စုစုပေါင်းပယ်နယ်တီရရှိမှု (၁၂)ကြိမ်ရှိခဲ့ပြီး အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းရရှိခဲ့သော အဆိုပါပယ်နယ်တီ (၁၂)ဂိုးတွင် ဂျော်ဂျင်ဟိုက (၁၀)ဂိုးသွင်းယူခဲ့ပြီး မေဆန်မောင့်က (၂)ဂိုး သွင်းယူခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီး အသင်း၏ ပင်တိုင်ပယ်နယ်တီကန်သွင်းသူအဖြစ် ရပ်တည်နေသော ဂျော်ဂျင်ဟိုအနေဖြင့်လည်း ပရီးမီးယားလိဂ်တွင် စံချိန်သစ်တင်ရှိခဲ့သည်။
ဂျော်ဂျင်ဟိုသည် ပြက္ခဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်၌ ပယ်နယ်တီဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်လည်းကောင်း၊ ပရီးမီးယားလိဂ်၌ တစ်နှစ်အတွင်း ပယ်နယ်တီ(၁၀)ဂိုး သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်းကောင်း စံချိန်မှတ်တမ်းသစ်များ ရရှိခဲ့ခြင်းဖြစ်သည်။
ယခင်က ပရီးမီးယားလိဂ်တွင် တစ်နှစ်အတွင်း ပယ်နယ်တီအများဆုံးသွင်းယူနိုင်သူမှာ (၉)ဂိုးစီသွင်းယူခဲ့သည့် လီတစ်ဆီယာ (၁၉၉၄)နှင့် ဂျရတ်(၂၀၁၄)တို့ဖြစ်ကြောင်း သိရသည်။