ချဲလ်ဆီး အသင်း ရဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ က ကစားခဲ့တဲ့ မော်ကမ်ဘီ အသင်း နဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲမှာ သွင်းဂိုး တဂိုး ပြန်လည် စွမ်းဆောင်နိုင်ခဲ့လို့ ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေမှု ကို ရပ်တန့်နိုင်ခဲ့ပါတယ် ။
ဒါဟာ တီမို ဗာနာ အတွက် နောက်ဆုံး ၃ပွဲဆက် အထောင် တိုက်စစ် နေရာမှာ ပြန်ပြီး ကစားခွင့် ရခဲ့ခြင်း ဖြစ်ပါတယ် ။ ဒီမတိုင်ခင် က တပွဲ မဟုတ် တပွဲမှာ တောင်ပံ တိုက်စစ် နေရာ တနေရာ အတွက် အဓိက ကစားသမား တဦးဦး ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာ ရှိနေခဲ့တဲ့ အတွက် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဗာနာ ကို တောင်ပံ တိုက်စစ်မှာ ထုတ်သုံးခဲ့ရပါတယ် ။
လစ်ပ်ဇစ် အသင်းမှာ ကတည်းက ဘယ်တောင်ပံ တိုက်စစ် နဲ့ ကျင့်သားရခဲ့တာ မှန်ပေမယ့် ၊ ဗာနာ ကိုယ်တိုင်က ကစားရတာ အနှစ်သက်ဆုံး ဖြစ်တဲ့ နေရာ ကတော့ အထောင် တိုက်စစ်ပဲ ဖြစ်ပါတယ် ။ လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ နံပါတ် ၉ နေရာ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ အိုလီဗီယာ ဂျရူး တို့နဲ့ ဗာနာ အချိတ်အဆက် မိသင့်သလောက် မိထားပေမယ့် ၊ တကယ် ဂိုးလိုအပ်တဲ့ အချိန်မှာ ဗာနာ က အရေးကြီးတဲ့ ဂိုးတွေ မသွင်းယူနိုင်ခဲ့ပါဘူး ။
ဒီ ၁၂ ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ဖူးတဲ့ မှတ်တမ်းဆိုး အတောအတွင်း မှာလည်း ဗာနာ ဟာ ဂိုးပေါက် ပြန်တွေ့နိုင်လောက်တဲ့ အထိ အခွင့်အရေး ကြီးကြီးမားမား ရခဲ့ပေမယ့်လည်း ၊ ဂိုးသွင်းဖို့ ယုံကြည်မှု သိသိသာသာ ထိုးကျနေခဲ့လို့ ၊ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး ။
အခုလို ဗာနာ တယောက် အက်ဖ်အေ ဖလားမှာ ဂိုးပေါက် ပြန်တွေ့ခဲ့ပြီးနောက် ၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ အစပိုင်း မှာ ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ဂိုးပေါက် ပြန်တွေ့ဖို့ ယနေ့ည ဖူလ်ဟမ် နဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ မြင်တွေ့ရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဗာနာ ကစားရတာ အနှစ်သက်ဆုံး နေရာ က အထောင် တိုက်စစ် ဖြစ်ပေမယ့် ၊ ဘယ်တောင်ပံ မှာလည်း ကစားပေးနိုင်ကြောင်း ဆွေးနွေးပေးရင်း ၊ ၎င်းအတွက် တကယ်တမ်း လိုအပ်နေတာ က ပုံမှန် အထိုင် ပြန်ရဖို့ အချိန် အတိုင်းအတာ တရပ် ဖြစ်ကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။
လမ်းပတ် က ” ဗဟို တိုက်စစ်မှာ ကစားခွင့် ပြန်ရခဲ့တာ ဟာ ရှင်းရှင်းပြောရရင် တီမို အဖို့ တိုက်စစ်မှာ ပြန်ကစားချင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ် ။ ဂျာမနီ မှာ လစ်ပ်ဇစ် အသင်း နဲ့ အတူ သူဟာ ဘယ်အခြမ်း တိုက်စစ်မှာ အထောင် တဦးတည်း အဖြစ်သော်လည်းကောင်း ၊ တိုက်စစ် အတွဲအဖက် အဖြစ်သော်လည်းကောင်း ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပါတယ် ။ ”
” ဒီတော့ တီမို ကို အသုံးပြုတဲ့ နေရာမှာ ခင်ဗျား အတွက် ရွေးချယ်စရာ ၊ စဉ်းစားစရာ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ် ။ ကလပ် အသင်းဖက်က သာမက ၊ ကျွန်တော်ဆိုရင် မန်နေဂျာ တယောက် အနေနဲ့ သူ့လို ကွင်းတွင်း ပြင်းပြင်းထန်ထန် ပြေးလွှား ကြိုးစား ကစားပေးတဲ့ ကစားသမားမျိုးနဲ့ အတူတူ အလုပ်လုပ်ရတာ ဂုဏ်ဆာစရာ ဖြစ်ပါတယ် ။ ”
” တိုင်းတပါး ကနေ ပြောင်းရွှေ့လာပြီး ၊ လိဂ်အသစ် တလိဂ်မှာ အထိုင်ကျဖို့ ၊ အသင်းဖော် အသစ်တွေနဲ့ နားလည်မှု ရဖို့ ၊ မန်နေဂျာ အသစ် ရဲ့ အတွေးအခေါ်တွေကို လိုက်နာနိုင်ဖို့ အချိန်လိုအပ်ခြင်း ဟာ တီမို အပါအဝင် အခြား ကစားသမားတွေ အတွက် ပုံမှန် ဖြစ်စဉ် တခုပါပဲ ။ ”
” ကျွန်တော်တို့မှာ ဒီအတွက် လေ့ကျင့်ရေး အစီအစဉ် အတွင်း သက်သက်ကြီး အချိန်ပေးဖို့ လုံလောက်မှု မရှိပါဘူး ။ တခါတည်း မြင့်မားတဲ့ တွန်းအားပေးမှု အပြည့် နဲ့ တသမတ်တည်း လေ့ကျင့်နိုင်ခြင်း ကသာလျှင် တခုတည်းသော နည်းလမ်း ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ် ဟာ ကျွန်တော်တို့ အတွက် အမှန်တကယ် အကျိုးရှိခဲ့ခြင်း ဖြစ်ပါတယ် ။ ”
” ဒီရာသီ တီမို ရဲ့ စွမ်းဆောင်ရည်တွေက ကောင်းသင့်သလောက် ကောင်းခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ အချိန်ကြာလာတာနဲ့ အမျှ သူနဲ့ အသင်းဖော်တွေ အကြားက နားလည်မှုအား ပိုကောင်းလာမှာပါ ။ ချဲလ်ဆီး လို အသင်းမျိုး အတွက် ကစားပေးနေတာ မဟုတ်ဘူးဆိုရင် ၊ အခု အနေအထားမှာ သူ့အနေနဲ့ ဒီလောက် ဝေဖန် ပြောဆိုခံရမှာ မဟုတ်လောက်ပါဘူး ။ ”
” ဒါဆိုရင် သူ့အတွက် အချိန် ပိုယူလို့ ရနိုင်မယ် ၊ တည်ငြိမ်မှု အပြည့်နဲ့ ကစားပေးနိုင်မှာ ဖြစ်သလို ၊ ဒီ ကလပ် ရဲ့ လမ်းစဉ် ကို ဆက်လိုက်နိုင်မှာပါ ။ နောက်ပိုင်းနှစ်တွေမှာ လီဗာပူး ကို ပြောင်းရွှေ့လာကြတဲ့ ကစားသမား တွေကို ကြည့်လိုက်တဲ့အခါ ၊ သူတို့ဟာ ဒီ အသင်း ရဲ့ ကစားဟန် နဲ့ လိုက်ပါ စီးမျောနိုင်ဖို့ အချိန် အလုံအလောက် အပေးခံခဲ့ရပါတယ် ။ ”
” တီမိုမှာတော့ ဒီ အခွင့်အရေးမျိုး ကျွန်တော်တို့ဖက်က ပေးခွင့် မရှိခဲ့ပါဘူး ။ အသင်း မှာ တိုက်စစ် က ဒဏ်ရာ ပြဿနာ တချို့ ရှိနေခဲ့သလို ၊ ကျွန်တော် တို့ဟာ သူ့ကို ခေါ်ပြီးပြီးချင်း ချက်ချင်း ဖုတ်ပူမီးတိုက် အသုံးပြုခဲ့ကြရပါတယ် ။ ဒီ အခြေအနေမှာ တီမို နဲ့ ပတ်သက်ပြီး လူတိုင်း က စိတ်ရှည်ရှည် နဲ့ စောင့်ကြည့်ပေးရပါမယ် ။ ”
” ကျွန်တော် တို့ဟာ မကြာခင်မှာ တီမို ရဲ့ အရည်အသွေးတွေကို အသင်း အတွက် အပြည့်အဝ ထုတ်ယူ သုံးစွဲနိုင်တော့မှာပါ ။ ဒီလို ဖြစ်လာဖို့ တီမို ရဲ့ လုပ်အား နဲ့ ကျွန်တော် တို့ရဲ့ လုပ်အား လမ်းကြောင်း ၂ခု ပေါင်းစည်းနိုင်ဖို့ လိုပါတယ် ။ ဒီအတွက် အချိန်ယူရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။