ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ဒီဇင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်း အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် ဂိုးပေါက်ပျောက်ဆုံးနေသည့် တိုက်စစ်မှူး ဗာနာ၏အခြေအနေအတွက် စိုးရိမ်ပူပန်မှု မဖြစ်မိကြောင်းနှင့် ယင်းပွဲတွင် အသင်းအတွက် အဖွင့်ဂိုးသွင်းခဲ့သည့် သီယာဂိုဆေးလ်ဗားအားလည်း ချီးကျူးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် ချယ်လ်ဆီးအသင်းက သီယာဂိုဆေးလ်ဗား(၁၀ မိနစ်)၊ အေဘရာဟမ်(၇၈၊ ၈၀ မိနစ်)က အနိုင်ဂိုးများ သွင်းခဲ့ခြင်းဖြစ်သည်။
“သူ့(ဗာနာ)အတွက် ကျွန်တော် စိုးရိမ်ပူပန်မှု မရှိပါဘူး။ တိုက်စစ်မှူးတိုင်းက ဂိုးတွေအမြောက်အမြား သွင်းချင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တီမို(ဗာနာ) သွင်းယူခဲ့တဲ့ဂိုးတွေက သူဟာ ကျွန်တော်တို့အတွက် အဖိုးထိုက်တန်တဲ့ကစားသမားဆိုတာ ဖော်ပြနေပါတယ်။ သူက လိဂ်ပြိုင်ပွဲအသစ်မှာ ကစားနေသူဖြစ်ပြီး အခြေကျဖို့ အချိန်ပေးရပါမယ်။ ဒါပေမဲ့ သူက ပုံစံမှန်ရနေပြီး ပြိုင်ဘက်အသင်းတွေကို အန္တရာယ်ရှိစေသူလည်း ဖြစ်ပါတယ်။ လက်ရှိအခိုက်အတန့်တွေပြီး နောက်ပိုင်းမှာ ဗာနာရဲ့ဂိုးတွေကို မြင်တွေ့ရမှာ အသေအချာပါပဲ”ဟု လမ်းပတ်က ပြောကြားခဲ့သည်။
ဗာနာသည် ချယ်လ်ဆီးအတွက်ပွဲထွက် ခွင့်ရသည့် ခုနစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ကစားသမားဘဝတွင် ၂၀၁၆ စက်တင်ဘာလ နောက်ပိုင်း ယင်းသို့ဂိုးပေါက်ပြန်ပျောက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် လမ်းပတ်က သူ့ အနေဖြင့် သီယာဂိုဆေးလ်ဗား(၃၆ နှစ်)၏အရွယ်တွင် ယင်းကဲ့သို့ မကစားနိုင်ကြောင်း နှင့် ရည်မှန်းချက်လည်း မြင့်မြင့်မားမားထားရှိသူဟု မှတ်ချက်ပြုခဲ့သည်။