ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် တန်းတက် အက်စ်ပန်ညိုအသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ ယခုရာသီအတွက် အဆိုးဆုံးပွဲဖြစ်ကြောင်း နည်းပြဖြစ်သူ အန်ဆယ်လော့တီက ဝန်ခံပြောကြားသည်။
ရီးယဲလ်အသင်းသည် လာလီဂါပွဲစဉ်-၈အဖြစ် တနင်္ဂနွေနေ့က တန်းတက် အက်စ်ပန်ညိုအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်ရာ အန်ဆယ်လော့တီက ”အများကြီး ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ စီစဉ်ထားတဲ့အတိုင်း မကစားနိုင်သလို တည်ငြိမ်မှုကိုလည်း ထိန်းမထားနိုင်ခဲ့ပါဘူး။ ကစားကွက်တည်ဆောက်မှုအပိုင်းမှာရော ဘောလုံးမရှိတဲ့အချိန်မှာပါ အသင်းရဲ့စွမ်းဆောင်ရည်က မကောင်းပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပွဲက ကျွန်တော်တို့အတွက် ဒီရာသီမှာ အဆိုးဆုံးပွဲပါပဲ”ဟု သုံးသပ်ပြောကြားသည်။
၁၇ မိနစ်တွင် အက်စ်ပန်ညိုတိုက်စစ်မှူး ရာအူးလ်ဒီတိုမက်စ်က အဖွင့်ဂိုးသွင်းယူပြီး မိနစ် ၆၀ တွင် အဲလစ်ဗီဒယ်လ်က ဒုတိယဂိုးထပ်မံသွင်းယူသဖြင့် ရီးယဲလ်အသင်း နောက်မှလိုက်ကစားခဲ့ရသည်။
ဒုတိယပိုင်းအစတွင် ရီးယဲလ်အတွက် ဘန်ဇီမာ ချေပဂိုးသွင်းယူသော်လည်း ယိုဗစ် လူကျွံနေသဖြင့် နစ်နာခဲ့ရပြီး ၇၁ မိနစ်တွင် ဘန်ဇီမာကပင် ယခုရာသီ လာလီဂါပြိုင်ပွဲ၌ ကိုးဂိုးမြောက်အဖြစ် သွင်းယူပေးခဲ့သည်။
လက်ကျန်မိနစ်များတွင် ရီးယဲလ်အသင်း ချေပဂိုးထပ်မံရရှိရန် ဆက်တိုက်ဖိအားပေးသော်လည်း အက်စ်ပန်ညိုအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။
ရီးယဲလ်အသင်းအနေဖြင့် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခြင်းဖြစ်သလို ပြိုင်ပွဲစုံ သုံးပွဲဆက် နိုင်ပွဲပျောက်ထားသည်။
ထို့ပြင် ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲတွင်လည်း မထင်မရှားအသင်းငယ်ဖြစ်သည့် မော်လ်ဒိုဗာကလပ် ရှာရစ်ဖ်အသင်းကို အိမ်ကွင်း၌ အံ့အားသင့်ဖွယ် ရှုံးနိမ့်ထားရာ အန်ဆယ်လော့တီက နိုင်ငံတကာရက်သတ္တပတ်ကာလတွင် ကြိုးစားအားထုတ်မှုပိုင်းကို ပြောင်းလဲရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
”နိုင်ငံတကာရက်သတ္တပတ်ကာလမှာ အသင်းရဲ့ ကြိုးစားအားထုတ်မှုပိုင်းကို အပြောင်းအလဲလုပ်ဖို့ ကြားတစ်ပတ်အဖြစ် အသုံးချနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲရှုံးနိမ့်မှုက မတော်တဆမဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်လို့ ရှုံးနိမ့်တာပါ”ဟု ၎င်းက ဆိုသည်။
ရီးယဲလ်အသင်းသည် နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် ပထမဆုံးပွဲအဖြစ် အောက်တိုဘာ ၁၇ ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၁၉ ရက်တွင် ရှက်တာဒိုးနက်အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်း၊ အောက်တိုဘာ ၂၄ ရက် တွင် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းနှင့် လာလီဂါအဝေးကွင်းပွဲ ဆက်လက်ကစားရမည်ဖြစ်သည်။