ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံကစားသမားဟောင်း ဟာဇက်သည် တစ်ပတ်လစာ ပေါင်(၁)သန်းရရှိမည့် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ကစားစဉ် ပရီးမီးယားလိဂ်၏ အကောင်းဆုံး တောင်ပံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ပြီးနောက် လာလီဂါထိပ်သီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင်မူ စပိန်မြေတွင် ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် အသက်(၃၂)နှစ်အရွယ်မှာပင် ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။
၎င်းသည် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းမှုများစွာ ရရှိခဲ့သည့်အနက် ဆော်ဒီကလပ်အသင်းအချို့က တစ်ပတ်လစာ ပေါင်(၁)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သို့သော် ဟာဇက်က ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း ချယ်လ်ဆီးအသင်းဖော်ဟောင်း မီခေးလ်က ထုတ်ဖော်ပြောကြားခဲ့သည်။
“ဆော်ဒီက ကမ်းလှမ်းမှု နှစ်ခု၊ သုံးခုလောက်ရှိပြီး တစ်ပတ်လစာ ပေါင်(၁)သန်းအထိ ပေးတယ်လို့ သူက ပြောပါတယ်။ ငွေကြေးအတွက် ကျွန်တော် အချိန်ကုန်မခံချင်တော့ဘူး။ ကျွန်တော့်မှာ မိသားစုအတွက် ရှင်သန်ဖို့ ငွေကြေးရှိနေပါပြီလို့ သူက ပြောခဲ့ပါတယ်”ဟု မီခေးလ်က ပြောကြားခဲ့သည်။
မီခေးလ်သည် ချယ်လ်ဆီးအသင်းတွင် ဟာဇက်နှင့်အတူ (၅)ရာသီကြာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ် လုပ်ဆောင်နေသည်။