ချယ်လ်ဆီးအသင်းသည် အသင်းတွင်အနာဂတ်လှုပ်ခတ်နေသော မော်ရိုကိုတောင်ပံကစားသမား ဇီယာ့ရှ်အား ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အငှားချမည်မဟုတ်ဘဲ အပြီးသတ်ရောင်းချရန်သာ စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၈)နှစ်အရွယ် ဇီယာ့ရှ်အား စီးရီးအေကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေပြီး အငှားစာချုပ်ဖြင့်ခေါ်ယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ငြင်းဆန်ထားကြောင်း သိရှိရသည်။
ဇီယာ့ချ်သည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလက နယ်သာလန်ကလပ် အေဂျက်စ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၃၆.၇)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
သို့သော် ချယ်လ်ဆီးအသင်းတွင် အစောပိုင်း၌ ပုံမှန်နေရာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက်ခွင့်အတွက် အာမခံချက် ပျောက်ဆုံးခဲ့ရသူဖြစ်သည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် သူ့အား ဝယ်ယူမည့်အသင်းကို စောင့်မျှော်နေကြောင်း သိရသည်။
ဇီယာ့ရှ်သည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲကစားကာ (၆)ဂိုးသွင်းယူပေးခဲ့သည်။