ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ၊ အဆင့် ၄ အတွင်းသို့ တက်ရောက်ခွင့် ကိုပါ ထပ်မံ ဆုံးရှုံးသွားခဲ့ပြန်ပါပြီ ။
ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ Boxing Day က အာဆင်နယ် အသင်း ကို ၃ – ၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ ပွဲထွက် စာရင်းမှာ ၆နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ကာ ၊ အဓိက ပွဲထွက် ကစားသမား ၃ဦး ကို အရန် စာရင်းမှာတောင် ထည့်မလာခဲ့ပါဘူး ။
အဲ့ဒီ အထဲမှာ တဦးက တံကောက်ကြော ဒဏ်ရာ ရနေတဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဖြစ်ပြီး ၊ ၎င်းဟာ လိဒ်စ်ယူနိုက်တက် ကို ၃ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့ပြီးနောက် ၊ အခုအချိန် အထိ ပြန်မကောင်းလာသေးသလို ၊ ၎င်း ဒဏ်ရာ ရသွားတာကြောင့် ၊ ချဲလ်ဆီး အသင်း အပေါ် လွန်စွာ သက်ရောက်မှု ကြီးမားခဲ့ပါတယ် ။
ဇီယက်ချ် ကစားပေးနိုင်တုန်းက ချဲလ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ ၁၇ ပွဲဆက် ရှုံးပွဲမရှိ ၊ မှတ်တမ်းကောင်း ကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ၊ ၎င်း မပါဝင်နိုင်တဲ့ နောက်ဆုံး ၅ပွဲမှာ ချဲလ်ဆီး အသင်း ဟာ နိုင်ပွဲ တပွဲသာ ရှာတွေ့ထားလို့ ၊ ၎င်းကို ချဲလ်ဆီး ပရိသတ်တွေက အတော်လေး လွမ်းဆွတ်နေကြပြီ ဖြစ်ပါတယ် ။
ဒါ့အပြင် မနေ့ည က ပွဲမှာ ခံစစ် က ပြင်သစ် ဗဟို ခံစစ်မှူး ကတ်ဇူးမား နဲ့ အင်္ဂလန် လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် တို့ဟာ အရန်စာရင်းမှာတောင် မပါလာခဲ့လို့ ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ၎င်းတို့ ၂ဦးကို နောက်ပွဲတွေမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ထည့်သွင်း အသုံးပြုနိုင်ဖို့ ရည်ရွယ်နေတယ် ဆိုတာ သိသာပါတယ် ။
ပွဲအပြီး အင်တာဗျူး မှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ရိစ်ဂျိမ်းစ် မှာ တံကောက်ကြော ကြွက်သား ပြဿနာ အနည်းငယ် ရှိနေသေးကြောင်း နဲ့ ဇူးမား ကိုတော့ သက်သက် အနားပေးထားခြင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့သလို ၊ ဇီယက်ချ် ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ ကိုလည်း အခုလိုပဲ ဖွင့်ဆိုခဲ့ပါတယ် ။
လမ်းပတ် က ” ရိစ်ဂျိမ်းစ် မှာ တံကောက်ကြော ဒဏ်ရာ အသေးစားလေး ရှိနေပါတယ် ။ ဒီအတွက်ကြောင့် အက်ဇ်ပီ ဒီနေ့ပွဲမှာ ကစားခွင့်ရခဲ့တယ် လို့ ကျွန်တော် ဆိုလိုခြင်း မဟုတ်ပါဘူး ။ နဂိုကတည်းက ရိစ်ဂျိမ်းစ် ဒဏ်ရာ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ၊ အက်ဇ်ပီ ကို ဒီပွဲမှာ ပွဲထုတ်ဖို့ စဉ်းစားထားပြီးသားပါ ။ ”
” သီယာဂို ဆေးလ်ဗား ကို အသုံးမပြုခဲ့ရခြင်း က သူ့ရဲ့ အသက်အရွယ်ကြောင့်ပါ ။ ဒီတော့ သူ့ကို ပွဲအရေအတွက် တချို့ အတွက်ပဲ ကျွန်တော် သေသေချာချာ စဉ်းစားပြီးမှ အသုံးပြုရမှာပါ ။ ကတ်ဇူးမား ကတော့ ဒီရာသီ ကျွန်တော်တို့ အသင်း အတွက် ပွဲအများကြီး ကစားပေးထားလို့ ၊ ဒီအတိုင်း အနားပေးထားခဲ့တာပါ ။ ”
” တပတ် ၂ပွဲ ကစားရတဲ့ အချိန်မှာ အိုလီ နဲ့ တမ်မီ တို့ကို တပွဲစီမှာ ခွဲပြီး ပွဲထွက်ခွင့် ပေးတာက ကျွန်တော့ အတွက် သဘာဝကျပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ ၂ယောက်လုံး ဟာ ကစားခွင့် ရတဲ့ ပွဲတိုင်းမှာ တူညီတဲ့ ကြိုးစား အားထုတ်မှုမျိုး ပေးစွမ်းကြသလို ၊ ကစားပုံလည်း ကောင်းကြလို့ပါ ။ ”
” ပွဲထွက်စာရင်း ကို အပြောင်းအလဲ လုပ်ခဲ့ရခြင်း ဟာ ပိုပြီး မျှတတဲ့ ဟန်ချက် ကို ဖြစ်စေဖို့ ရည်ရွယ်သလို ၊ အသင်းသား တွေရဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့ နဲ့ လန်းဆန်းမှု ရှိစေဖို့ အရေး အတွက်လည်း ဖြစ်ပါတယ် ။ နောက်ပြီး အာဆင်နယ် နဲ့ ပွဲက အားမရတဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော် ပွဲထွက်စာရင်းမှာ အပြောင်းအလဲ တချို့ လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ် ။ ”
” ဒီနေ့ည ပွဲမှာ ကျွန်တော် ပေးဂိုး တဂိုး ခွင့်ပြုခဲ့ရတာကလွဲရင် စိတ်မကျေမနပ် ဖြစ်ခဲ့ရတဲ့ အကြောင်း တခုမှ မရှိခဲ့ပါဘူး ။ ကျွန်တော် တို့ဟာ ဒုတိယပိုင်း ကို သက်တောင့်သက်သာ နဲ့ ကျော်ဖြတ်စေနိုင်မယ့် ဒုတိယ ဦးဆောင်ဂိုး ကို မသွင်းနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ပြန်ကစားခွင့် ရခဲ့တဲ့ အသင်းသား တွေရဲ့ ခံယူချက် နဲ့ ကြိုးစားမှု အပေါ် ကျေနပ်ပါတယ် ။ ”
” အကယ်၍ ကိုဗစ် ဖြစ်ပွားမှု လျော့ကျသွားလို့ ၊ လာမယ့် စနေနေ့ပွဲ ကျင်းပ ဖြစ်ခဲ့ရင် ၊ ဟာကင် ဇီယက်ချ် ကတော့ မန်စီးတီး နဲ့ ပွဲမှာ ပြန်ကစားပေးနိုင်ဖို့ အလားအလာ ရှိပါတယ် ။ သူဟာ ကြံ့ခိုင်မှု ပြည့်လုနီးပါး အနေအထား တရပ်ဆီ အထိ ကို တိုးတက်မှု ရှိလာပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။