မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ချက်စတာယူနိုက်တက် (၃-၁) ဘန်လေပွဲအပြီးတွင် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့စျေးကွက်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ရန်းနစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်းနစ်က “ကျွန်တော်ကတော့ အသင်းမှာရှိတဲ့ ကစားသမားတွေဆီက အကောင်းဆုံးတွေကို ထုတ်ယူနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အသင်းရဲ့ လူစာရင်းက လုံလောက်မှုရှိတယ်လို့ ကျွန်တော် ပြောခဲ့ပြီးသားပါ။ ဆောင်းရာသီမှာ ကစားသမားသစ်ခေါ်ယူတာက အသင်းကို အမှန်တကယ်အကျိုးပြုမှာ အဆင်ပြေတာပါ။ လောလောဆယ်အထိတော့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောဆိုမှု မရှိသေးပါဘူး။ လက်ရှိအချိန်မှာ အသင်းရဲ့ လာမယ့်ပွဲစဉ်တွေအတွက်ပဲ အာရုံစိုက်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူဖွယ်မရှိသော်လည်း အသင်းတိုက်စစ်ကစားသမား မာစီယဲလ်မှာမူ အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သိရှိရသည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်နွေရာသီမှာသာ အသင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။