မီခေးလ်အာတီတာက မနေ့ည ဆောက်သမ်တန်နဲ့ပွဲစဉ်က တောင်ပံကစားသမား ဘူကာယိုဆာကာရဲ့စွမ်းဆောင်ရည်တွေအပေါ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ကစားကွက်အပြောင်းအလဲ ပြုလုပ်ထားတဲ့ အာဆင်နယ်ဟာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဆောက်သမ်တန်က ဦးဆောင်ဂိုးစသွင်းလိုက်မှသာ လူစားလဲမှုတွေ ပြုလုပ်ပြီး ဂိုးပြတ်နိုင်ပွဲပြန်လည်ရှာဖွေသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆာကာ အဆိုပါပွဲစဉ်အတွင်း ဂိုးဖန်တီးမှု နှစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ရောဘတ်ပီးရက်စ်ရဲ့ ဂိုးဖန်တီးမှု ၄၁ကြိမ် စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာက “ဆာကာရဲ့အချက်အလက်တွေကို ကြည့်လိုက်ရင် မချီးကျူးဘဲ မနေနိုင်ပါဘူး။ ဒီအသက်အရွယ်မှာ သူ ဒီလောက်လုပ်ပြနိုင်တာက မယုံနိုင်စရာပါပဲ။
သူက အခြားကစားသမားအများအပြားလိုပဲ ပွဲရဲ့အဆုံးအဖြတ်ကို ပြောင်းလဲနိုင်တဲ့ အရည်အသွေးမျိုး ရှိနေပါတယ်။ အဲ့ဒါက သူ ရင့်ကျက်လာမှုဖြစ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့လည်း ရည်မှန်းချက်ထားနေပါတယ်။
အိမ်ကွင်းမှာ လုပ်ပြမယ်ဆိုရင် ပွဲကြီးတွေမှာ လုပ်ပြပါ။ ပွဲကြီးတွေ မဟုတ်ဘူးဆိုရင်လည်း အသင်းလိုအပ်နေတဲ့အချိန်မှာ လုပ်ပြနိုင်ရပါမယ်။ အဲ့ဒါက ထိပ်တန်းကစားသမားတစ်ယောက် လိုအပ်တဲ့အရာပါပဲ။ ကျွန်တော်တို့ ထိပ်ဆုံးမှာရှိချင်ရင် တစ်ခါတစ်လေ ကစားသမားတွေက ဒီလို အခိုက်အတန့်မျိုး လုပ်ပြနိုင်ဖို့လိုပြီး ဒီနေ့လည်း သူ လုပ်ပြနိုင်ခဲ့ပါတယ်။”လို့ ပြောခဲ့ပါတယ်။