ချယ်လ်ဆီးနဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ဂျိုးကိုးက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်မယ်ဆိုရင် အင်္ဂလန် နည်ပြဟောင်း ဂါရတ် ဆောက်ဂိတ်က ယူနိုက်တက်အတွက် သိသာထင်ရှားတဲ့ ရွေးချယ်မှု ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။
တန်ဟက်ဂ်ဟာ သူရဲ့ ယူနိုက်တက်နည်းပြဘဝ တတိယမြောက်ရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး မနှစ်က ဘောလုံးရာသီအပြီးမှာလည်း သူရဲ့အနာဂတ်နဲ့ ပတ်သက်လို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်ထားခဲ့ပေမယ့် အသင်းဘက်က အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ပေးထားခဲ့တဲ့အပြင် စာချုပ်သစ်ပါ ချုပ်ဆိုထားခဲ့ပါသေးတယ်။
ဒါပေမယ့် တန်ဟက်ဂ်ရဲ့ တတိယမြောက်ရာသီ အစပိုင်းက (၈)ပွဲကစားထားပြီးချိန် နိုင်ပွဲက (၃)ပွဲသာ ရှိထားရပြီး ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၆)ပွဲကစား (၃)ပွဲအထိတောင် ရှုံးထားတာက တန်ဟက်ဂ်အတွက် အတော်လေး ဖိအားများနေရသလို စပါးကို အိုးထရက်ဖို့ဒ်မှာ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်လိုက်တာက ပိုဆိုးသွားစေခဲ့ပါတယ်။
ဒီအချိန်မှာ တန်ဟက်ဂ်ရဲ့ လက်ထောက်နည်းပြ ယူနိုက်တက် ကစားသမားဟောင်း နစ္စတဲလ်ရွိုင်းက တန်ဟက်ဂ်နေရာ ယာယီ အစားဝင်လာဖို့ ရေပန်းစားနေသလို INEOS တို့ အလိုရှိနေပြီး လက်ရှိလည်း အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂရေဟမ် ပေါ်တာ ၊ တူဟယ်လ်စ် ၊ ဆောက်ဂိတ်နဲ့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီထဲကမှ ယူနိုက်တက်နဲ့ အသံအထွက်ဆုံး ဖြစ်နေတဲ့ ဆောက်ဂိတ်နဲ့ ပတ်သက်ပြီး ဂျိုးကိုးက “ဂါရတ် ဆောက်ဂိတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် သိသာထင်ရှားတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေရဲ့ အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် ဒန် အက်ရှ်ဝက်ဆိုရင်လည်း ဆောက်ဂိတ်နဲ့ အလုပ်တွဲလုပ်ဖူးတယ်။ ဂါရတ်က အင်္ဂလန်ကို ကိုင်တွယ်တဲ့အချိန်မှာလည်း အဆင်ပြေပြေ ရှိခဲ့တယ်။”
“ပရိသတ်တွေကတော့ ပျော်ကြမှာ မဟုတ်ဘူး။ ဂါရတ်အတွက်ကတော့ ဒါက နေရာမှန်တစ်ခုကို အချိန်မှန် ရောက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်က လက်ရှိ အသင်းတစ်သင်းမှာ နည်းပြတစ်ဦး ရှိနေပါလျက်နဲ့ အဲ့ဒီအသင်းအတွက် နောက်ထပ် နည်းပြတစ်ဦးအကြောင်း ပြောနေရတာကို သဘောမကျပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေတွေက ခက်ခဲနေပါတယ်။ ဘောလုံးနဲ့ ပတ်သက်ပြီး ဘယ်လိုလဲဆိုတာ သိထားမယ်ဆိုရင် သူတို့ဒါကို စဉ်းစားတွေးတောပြီး တစ်ခုခု လုပ်ရတော့မယ်ဆိုတာလည်း သိနေပါမယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။