မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူ့လက်ထက် ဆီမီးဖိုင်နယ်မှတ်တမ်းဆိုးများကို လာမည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် ချေဖျက်နိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဆိုးလ်ရှား နည်းပြအဖြစ်တာဝန်ယူစဉ်ကာလအတွင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်မှုမှာ ယခုတစ်ကြိမ်အပါအဝင် (၅)ကြိမ်အထိ ရှိခဲ့သည်။
သို့သော် ယင်းလေးကြိမ်စလုံးတွင် မန်ယူအသင်း အရေးနိမ့်ခဲ့ပြီး ဆိုးလ်ရှားမှာလည်း ပထမဆုံးဆုဖလားနှင့် ဝေးကွာနေရလျက်ရှိသည်။
မန်ယူအသင်းသည် ၂၀၁၉-၂၀ ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို နှစ်ကျော့ပေါင်း ၂-၃ ဂိုး၊ FAဖလား ဆီမီးဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းကို ၁-၃ ဂိုး၊ ယူရိုပါလိဂ်ဖလား ဆီမီးဖိုင်နယ်တွင် ဆီဗီလာအသင်းကို ၁-၂ ဂိုး၊
ယခုရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်တွင် မန်စီးတီးအသင်းကို ၀-၂ ဂိုးတို့ဖြင့် အသီးသီးအရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး သတင်းထောက်များက ရလဒ်ဆိုးများကို အဆုံးသတ်နိုင်မည်လားဟု ဂရန်နာဒါနှင့်ပွဲအပြီးတွင် မေးမြန်းခဲ့ရာ ဆိုးလ်ရှားက ”မျှော်လင့်ထားပါတယ်။ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာဟာ ကစားပွဲတစ်ခုရဲ့သဘာဝဖြစ်ပြီး
အသင်းကောင်းတွေနဲ့ ရင်ဆိုင်ကစားရပါမယ်။ ကျွန်တော်တို့ အသင်းကောင်းတချို့နဲ့ ရင်ဆိုင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲတက်ခွင့်ရဖို့ အခွင့်အရေးထပ်ရလာတာက နှစ်ခြိုက်စရာပါပဲ။ ကစားသမားတိုင်းရဲ့ စိတ်နေစိတ်ထား၊ ဆုံးဖြတ်ချက်ကို မြင်ထား
ပြီးသားဖြစ်ပြီး ကျွန်တော်တို့ ဒီထက်ပိုတဲ့နေရာကို သွားလိုပါတယ်။ စိတ်ပျက်စရာရှုံးပွဲတွေလည်း အတိတ်မှာရှိခဲ့ပါတယ်။ အဲဒီအရာတွေက နောက်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းနိုင်ဖို့ စေ့ဆော်ပေးနေပြီး မြင့်မားတဲ့အဆင့်တစ်ခုနဲ့ ရာသီကို အဆုံးသတ်နိုင်ဖို့
မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆိုးလ်ရှား၏မန်ယူအသင်းသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် အသင်းကစားသမားဟောင်းများဖြစ်သည့် မစ်ခီတာရီယန်၊ စမောလင်းတို့ရှိနေသော ရိုးမားအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။