မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေ ဖြင့် နည်းပြရာထူးမှ ထွက်ခွာသင့်သည့်အချိန် ရောက်ရှိနေပြီဟု အသင်းဖော်ဟောင်းဖြစ်သူ ရီယိုဖာဒီနန်က သုံးသပ်ခဲ့သည်။
မန်ယူအသင်းသည် အဓိကပြိုင်ဘက်များဖြစ်သည့် လီဗာပူးလ်၊ မန်စီးတီးအသင်း များကို သွင်းဂိုးမရှိဘဲ အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့မှု အပါအဝင် နောက်ဆုံးကစားထားသည့် ခြောက်ပွဲတွင် လေးပွဲအထိ အရေးနိမ့်ခဲ့မှု ကြောင့် နည်းပြ ဆိုးလ်ရှားမှာ အသင်းနှင့်လမ်း ခွဲရရန် နီးစပ်နေပြီဟု သုံးသပ်မှုများလည်း ရှိနေသည်။
ဆိုးလ်ရှားသည် ၂၀၁၉ မတ်လတွင် မန်ယူအသင်း၏အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီးကတည်းက အသင်းအတွက် ဆုဖလား ရယူနိုင်ခြင်းမရှိဘဲ ယခုရာသီ၌လည်း အမှတ် ပေးပွဲ ၁၁ ပွဲ ကစားပြီးချိန်တွင် ထိပ်ဆုံးမှ ဦးဆောင်သူ ချယ်လ်ဆီးအသင်းနှင့် ကိုးမှတ်အထိ ကွာဟလျက်ရှိသည်။
ဖာဒီနန်ကအသင်းဖော်ဟောင်း ဆိုးလ်ရှားအနေဖြင့် ၂၀၁၆-၁၇ ရာသီကတည်းက ဝေးကွာနေသော ဆုဖလား အောင်မြင်မှု ပြန်ရယူနိုင်စွမ်း ရှိ၊ မရှိအပေါ် သံသယ ရှိလာပြီး မန်ယူအသင်းကစားဟန်သည် ခံယူချက်မရှိ၊ ကိုယ်ပိုင်လက္ခဏာမရှိ ဖြစ်နေသည်ဟု ဝေဖန်ခဲ့ကာ နည်းပြရာထူးကို စွန့်ခွာပြီး အခြားသူတစ်ဦးဦးထံ လွှဲပြောင်း ပေးသင့်သည်ဟု သူ၏ Five with Vibepodcast တွင် ပြောကြားခဲ့သည်။
ထို့ပြင် ဖာဒီနန်က အသင်း၏အဓိကပြဿနာများ ထဲမှ တစ်ခုမှာ လက်ရှိကစားသမားများအနေဖြင့် နည်းပြ ဆိုးလ်ရှားအပေါ် ကြောက်ရွံ့ ခြင်းမရှိခြင်းပင်ဖြစ်ကြောင်းလည်း ဝေဖန်ခဲ့သည်။