မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ရီယိုဖာဒီနန်က သူနှင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားတို့အကြား တင်းမာမှုများရှိနေပြီး တစ်ဦးကိုတစ်ဦး မုန်းတီးစိတ်များဖြင့် အပြန်အလှန် ပြောဆိုမှုများ ပြုလုပ်နေကြသည်ဆိုသည့် ထင်ကြေးသတင်းများကို ငြင်းဆန်ပယ်ချလိုက်သည်။
ရုပ်သံဘောလုံးဝေဖန်သူ ပြုလုပ်နေသော ရီယိုဖာဒီနန်သည် အသင်းဟောင်း မန်ယူနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများပြုလုပ်ရာ၌ ထဲထဲဝင်ဝင် ပြတ်ပြတ်သားသားဝေဖန်မှုများပြုလုပ်ခဲ့ခြင်းကြောင့် သူ၏ပြောဆိုမှုများမှာ နည်းပြဖြစ်သူ ဆိုးလ်ရှားအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာများ ဖြစ်ခဲ့သည်။
ရီယိုဖာဒီနန်သည် မန်ယူအသင်းတွင် ဒဏ်ရာကြောင့် ရုန်းကန်နေရသော ၀ါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်၊ မန်ယူအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာသော ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့နှင့်ပတ်သက်၍ ဝေဖန်မှုများပြုလုပ်ခဲ့ရာ၌ သူ၏ဝေဖန်မှုများကို မကျေနပ်သည့် ဆိုးလ်ရှားက တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
သို့ဖြစ်ရာ ဗြိတိန်မီဒီယာများက မန်ယူအသင်းဖော်ဟောင်း(၂)ဦးဖြစ်ကြသော ဖာဒီနန်နှင့်ဆိုးလ်ရှားတို့အကြား မုန်းတီးမှုများနှင့် တင်းမာမှုများရှိနေသည်ဟု ဝေဖန်ရေးသားခဲ့ကြခြင်းဖြစ်သည်။
ဖာဒီနန်က မန်ယူအသင်းအပေါ် မိမိကဝေဖန်မှုများပြုလုပ်ပြီး ဆိုးလ်ရှားက မည်ကဲ့သို့တုံ့ပြန်မှုများ ပြုလုပ်သည်ဖြစ်စေ မိမိတို့နှစ်ဦးအကြား ချစ်ခင်မှုမှာ ပျက်ပြယ်မသွားကြောင်း၊ ယခင်အတိုင်း မိမိတို့ ချစ်ခင်ရင်းနှီးလျက်ရှိနေဆဲဖြစ်ကြောင်း ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည့် Vibe With Five ၌ပြောကြားခဲ့သည်။
”သတင်းစာတွေမှာ ဒီသတင်းတွေပါပြီးနောက်တစ်နေ့မှာ အိုလေ(ဆိုးလ်ရှား)ကျွန်တော့်ဆီကို လာခဲ့ပါတယ်။ သူလာတာ ကျွန်တော် ယုံတောင်မယုံနိုင်ပါဘူး။ သူ့ကို ကျွန်တော်တွေ့တော့ သူ့ဆီပြေးပြီး ကျွန်တော် ပွေ့ဖက်လိုက်ပါတယ်။ အဲဒီနောက် သူ့ ကိုလက်ဆွဲနှုတ်ဆက်ပြီး ဒါက ချစ်ခြင်းတရားပဲ ငါ့လူ။ ငါ မင်းကို အမြဲချစ်ခင်လျက်ပါလို့ ပြောခဲ့ပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ဦးပါ” ဟု ဖာဒီနန်က ယင်းရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။