ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာနဲ့သာ အဆုံးသတ်နိုင်ခဲ့ပြီး ၊ ဒါဟာ ယခင် ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာပင် မကြုံခဲ့ဖူးတဲ့ အဆိုးရွားဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်ပါတယ် ။
အပြောင်းအရွှေ့ စျေးကွက် ၂ခုပေါင်း ပေါင်သန်း ၆၀၀န်းကျင် သုံးစွဲခဲ့တဲ့ ချဲလ်ဆီးအဖို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့သလို ၊ နည်းပြ ၄ဦးအထိ လဲခဲ့သည့်တိုင် အသင်းက ဆုတ်ယုတ်မှုအား မရပ်တန်ခဲ့တာကြောင့် ၂၀၁၆နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့် မရခဲပါဘူး ။
ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက် အတွင်း ပီအက်စ်ဗွီကနေ ချဲလ်ဆီးသို့ ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီကတော့ လာမယ့် ရာသီသစ်မှာ သူ့ကို ပိုကောင်းမယ့် အသွင်သစ်နဲ့ မြင်တွေ့ရမှာ ဖြစ်သလို ၊ ချဲလ်ဆီးကိုလည်း ဆုဖလားတွေ စိန်ခေါ်မယ့် အသင်း အဖြစ် မြင်ရမယ့် အကြောင်း ပရိသတ်တွေထံ အခုလိုပဲ ကတိပြုသွားပါတယ် ။

Evening Standard သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ မက်ဒူးကီ က ” အပြောင်းအလဲ အမြောက်အမြား ဖြစ်ခဲ့ခြင်းက ကစားသမားတွေကို ခြေမကိုင်နိုင် လက်မကိုင်နိုင် ဖြစ်စေခဲ့ပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ ထိုးချက်တွေနဲ့ လူးလှိမ့်ခံစားရမှာပါပဲ ။ ကလပ် တသင်းက စပါယ်ရှယ် ဖြစ်မယ့် အရာတခုခု ဖန်တီးချင်တဲ့အခါ အပြောင်းအလဲတွေက ရှိကိုရှိရမှာပါပဲ ။ ”
” ကျွန်တော်တို့ဟာ နောက်ထပ် ၁၀နှစ်ကြာ ရေရှည် ပြိုင်ဆိုင်နိုင်ဖို့ ဒီအသင်းအဖွဲ့ တခုကို တည်ဆောက်ဖို့ ကြိုးစားနေကြတာပါ ။ ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော် သေချာပေါက် ကောင်းကောင်းစွမ်းဆောင်ပြခဲ့တယ် ၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ ပြသခဲ့ပါတယ် ။ ဒါပေမယ့် နောက်ရာသီမှာ ခင်ဗျားတို့ ကျွန်တော့ရဲ့ တကယ့် အစစ်အမှန် ရုပ်လုံးကို မြင်ရပါလိမ့်မယ် ။ ”
” နောက်ရာသီ ချဲလ်ဆီး အသင်း အောင်မြင်မှု ရရှိစေဖို့ ကျွန်တော် ကြီးကြီးမားမား စွမ်းဆောင်ပေးလိုပါတယ် ။ ဒါပါပဲ ။ ကျွန်တော်တို့ဟာ မန်နေဂျာသစ်နဲ့ အတူ ဖြတ်သန်းရမယ့် ရာသီကြို ပြင်ဆင်မှု အတွက် ပြန်လာဖို့ စိတ်လှုပ်ရှားနေကြပါတယ်။ ”

” မနှစ်က ဖြစ်ပျက်ခဲ့တာတွေကို မေ့လိုက်ပါ ။ ချဲလ်ဆီးကို သူတို့ ရှိရမယ့် နေရာ ဖြစ်တဲ့ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ရတဲ့ နေရာဆီ ပြန်လည် ပို့ဆောင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မက်ဒူးကီ က တော့တင်ဟမ် အကယ်ဒမီမှာ ရှိခဲ့စဉ်က သူ့ကို စီနီယာအသင်းဆီ စင်မတင်ပေးခဲ့တဲ့ ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို လက်အောက်မှာ ကစားရမယ့် အပေါ်လည်း အခုလို မှတ်ချက်ပေးခဲ့ပါတယ် ။
မက်ဒူးကီ က ” သူသာ ကျွန်တော့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်အောင် လုပ်ပေးနိုင်ရင် ကျွန်တော်ဟာ အရမ်းတော်တဲ့ ကစားသမား တယောက် ဖြစ်လာပါလိမ့်မယ် ။ ဒါက စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ။ ကျွန်တော့ရဲ့ ကစားပုံကိုတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ ”
” အခု ကျွန်တော့ရဲ့ ကစားဟန်ကိုက အန္တရာယ်ရှိနေပြီးသားပါ ။ ကျွန်တော် စကေးတွေ တတ်ကျွမ်းသလောက် အသင်း အတွက် ထိရောက်မှု ရှိဖို့ပဲ ဖြစ်ပါတယ် ။ လူငယ် ကစားသမားတွေဟာ ရှေ့ဆက် တိုးတက်လာဖို့ အတွက် မန်နေဂျာ တဦး လိုအပ်ပါတယ် ။ ”
” ရီးရဲလ်မက်ဒရစ်ဆီ အသက် ၁၉နှစ် အရွယ်မှာပဲ ပြောင်းသွားတဲ့ ဂျုဒ် ( ဘယ်လင်ဂမ် ) ကိုပဲ ခင်ဗျား ကြည့်နိုင်ပါတယ် ။ ဒါဟာ ခင်ဗျား ဘယ်လောက်ထိ တော်လဲ ဆိုတာ ဖော်ညွှန်းနေပါတယ် ။ ခင်ဗျားသာ ကိုယ်ကစားတဲ့ နေရာမှာ အကောင်းဆုံး ဖြစ်နေတယ်ဆိုရင် ခင်ဗျား ကစားခွင့် ရမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။