အက်သလက်တီကို မက်ဒရစ် အသင်းဟာ ကွင်းလယ်လူ ဆာအူးလ် နီဂွက် ရဲ့ ထွက်ခွာ နိုင်ချေကို ထည့်သွင်း စဉ်းစား ထားပြီး စပိန် ကွင်းလယ်လူရဲ့ နေရာကို အစားထိုး နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင် တဲ့ အနေနဲ့ မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ယန်ဟဲ ဟာရဲရား ကို စောင့်ကြည့် နေပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဆာအူးလ် နီဂွက် ကို မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ တို့က ချိတ်ဆက်နေပြီး အပြောင်းအရွှေ့ ဖြစ်မြောက် နိုင်တယ်လို့ သတင်းကြီးနေသူ ဖြစ်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန် ထားတဲ့ ပေါလ်ပေါ့ဘာ ကို PSG ထံ ရောင်းထုတ် ခဲ့ရပါက ဆာအူးလ် ကို ပြန်လည် အစားထိုး ခေါ်ယူ သွားဖို့ စီစဉ် ထားပြီး ဖြစ်တယ်လို့ သိရ ပါတယ် ။ ယူနိုက်တက် ဟာ ၂၅ နှစ်သား အတွက် ပေါင် သန်း ၅၀ ဝန်းကျင် သုံးရနိုင်တယ်လို့ ယုံကြည်ထားပါတယ် ။
ဘာစီလိုနာ အသင်း ကတော့ ဂရစ်ဇ်မန်း ပြဿနာ ကို ဖြေရှင်းဖို့ အတွက် ဆာအူလ် နဲ့ ဂရစ်ဇ်မန်း တို့ကို အလဲ အထပ်ပြုလုပ်ဖို့ စိတ်ကူး နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဆာအူးလ် ဟာ အက်သလက်တီကို မက်ဒရစ် နဲ့ ၂၀၂၆ အထိ စာချုပ် ရှိနေသေးပြီး ကလပ်ရဲ့ လုပ်ခ အများဆုံးရ ကစားသမားလည်း ဖြစ်တာကြောင့် ဘာစီလိုနာ ရဲ့ လုပ်ခ လျော့ချရေး စီမံကိန်းနဲ့ ကိုက်ညီမှု နည်းပါးနေခဲ့ ပါတယ် ။

ဒါကြောင့် စပိန် အခြေစိုက် မွန်ဒို သတင်းစာ ကတော့ စပိန် လက်ရွေးစင် ကွင်းလယ်လူ ဟာ နူးကမ့်ထက် အိုးထရက်ဖိုဒ့် ကိုသာ ရောက်ရှိ နိုင်ဖွယ် ရှိနေပြီး အက်သလက်တီကို မက်ဒရစ် ရဲ့ အစားထိုး ကစားသမား ကြိုတင် ရှာဖွေနေမှု ဟာ ဒီအပြောင်းအရွှေ့ သတင်းတွေကို ပိုမို အားကောင်းအောင် လုပ်ဆောင် ပေးလိုက်တာ ဖြစ်တယ်လို့ ဖော်ပြ သွားခဲ့ ပါတယ် ။
မန်စီးတီး အသင်းကွင်းလယ်လူ ဟာရဲရား ဟာ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီကို စပိန် လာလီဂါ ကလပ် ဂရန်နာဒါ မှာ အငှားထွက် ကစားခဲ့ပြီး အေတီကို နည်းပြ ဆီးမြွန်းနီ ဟာ ၂၃ နှစ် အရွယ် ဗင်နီဇွဲလား လက်ရွေးစင်လေးကို သဘောကျ နေတယ်လို့ ကြားသိရ ပါတယ် ။
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကလည်း ဟာရဲရား ကို လာမယ့် ရာသီမှာ အငှား မလွှတ်ဘဲ အသင်းမှာ စမ်းသပ် အသုံးပြုကြည့်ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။ ဒါပေမယ့် ဟာရဲရား ကတော့ ပွဲကစားခွင့် ပိုမို ရရှိ နိုင်မယ့် နေရာကိုသာ ရွေးချယ်ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရ ပါတယ် ။ နောက်ဆုံး ကြားသိရတဲ့ သတင်းမှာတော့ လိဒ် ၊ ဝက်စ်ဟမ်း နဲ့ ဆောက်သမ်တန် တို့ကလည်း မနှစ်က ဂရန်နာဒါ မှာ ၄၆ ပွဲ ကစားခဲ့ရတဲ့ ဟာရဲရား ကို အပြိုင် စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

မန်စီးတီး ဟာ ဒီနှစ် နွေရာသီမှာ ဂျက် ဂရီလစ်ရှ် နဲ့ ဟယ်ရီကိန်း တို့ကို ခေါ်ယူဖို့ စီစဉ် ထားတာကြောင့် ပေါင် သန်း ရာချီ ကုန်ကျမှာ ဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ အတွက် ကစားသမား အချို့ ကို ရောင်းထုတ် သွားရမှာ ဖြစ်ပါတယ် ။ လတ်တလော မှာတော့ လူးကပ်စ် နန်မီချာ ၊ အန်ဟီလီနီု တို့ကို ရောင်းချမှု ကနေ ပေါင် ၁၀ သန်း ဝန်းကျင်သာ ရရှိထားသလို ဂျေဒန်ဆန်ချို ရဲ့ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့မှု ကနေလည်း ဒေါ့မွန်ဆီက ၁၅% ရရှိဦးမှာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကိန်း နဲ့ ဂရီလစ်ရှ် တို့ ၂ ဦးစလုံး ဟာ တန်ကြေးမြင့် ကစားသမားတွေ ဖြစ်တာကြောင့် သူတို့ကို ခေါ်ယူဖို့ အတွက် နောက်ထပ် ရောင်းထုတ်မှုတွေ လိုအပ်နေဦးမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဟာရဲရား ကို အက်သလက်တီကို မက်ဒရစ် က ကမ်းလှမ်းလာပါက စီးတီး တို့ ရောင်းချ သွားနိုင်ချေ ရှိပြီး ဒီအပြောင်း အရွှေ့ ဟာ ဆာအူးလ် နီဂွက် အေတီကို မှာ ဆက်ရှိနေမယ် ၊ မရှိနေဘူးဆိုတဲ့ အပေါ်မှာ မူတည်နေမှာ ဖြစ်ပါကြောင်း . . . . .