လီဗာပူးလ်အသင်းသည် အသင်းအဓိကတိုက်စစ်ကစားသမား ဆာလာအား ဆော်ဒီပရိုလိဂ်သို့ ရောင်းချဖြစ်ပါက ယင်းမှရရှိလာမည့် ငွေကြေးဖြင့် PSG တိုက်စစ်မှူး အမ်ဘာပေကို အစားထိုးခေါ်ယူရန် ချိန်ရွယ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်းအနေဖြင့် အမ်ဘာပေအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်း နေသော်လည်း ကစားသမားဘက်က ငြင်းဆန်ထားသည့်အတွက် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။
လာမည့် ၂၀၂၄ နွေရာသီတွင် အမ်ဘာပေကိုခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရှိနေသော်လည်း PSG အသင်းတွင် ၎င်းရရှိနေသည့် တစ်နှစ်လစာ ပေါင် ၆၃ သန်းနှင့်အထက် ပေးချေရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ Daily Mail ၏ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေဖြင့် ၎င်းတို့အသင်းတိုက် စစ်ကစားသမား ဆာလာအား ဆော်ဒီပရိုလိဂ်သို့ ရောင်းချဖြစ်ပါက ယင်းမှ ရရှိသည့် ငွေကြေးကို PSG တိုက်စစ်မှူး အမ်ဘာပေအတွက် ရင်းနှီးမြှုပ်နှံရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။
ဘန်ဇီမာ၊ ကွန်တေ၊ ဖာဘင်ညို တို့လို ထိပ်တန်းကစားသမားများကို ခေါ်ယူထားသည့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့စျေးကွက်မပိတ်မီက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား ပေါင်သန်း ၂၀၀ ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် လီဗာပူးလ်အသင်းအနေဖြင့် ဆာလာ၏နေရာတွင်အစားထိုးရန် ကစားသမား ရှာဖွေမည့်အချိန်မရှိသဖြင့် ရောင်းချခဲ့ခြင်းမရှိသလို လာမည့်ဇန်နဝါရီတွင်လည်း ရောင်းချမည်မဟုတ်ကြောင်း သိရှိရသည်။
သို့သော် အာဖရိကတွင် အကျော်ကြားဆုံးဖြစ်သည့် အီဂျစ်လက်ရွေးစင်အသင်း ခေါင်းဆောင် ဆာလာ (၃၁ နှစ်)အား ခေါ်ယူမည့်အစီအစဉ်ကို ဆော်ဒီကလပ်များအနေဖြင့် လက်လျှော့ဖွယ်မရှိဘဲ လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင်လည်း ထပ်မံကမ်းလှမ်းလာဖွယ်ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် လီဗာပူးလ်အသင်းသည် လာမည့် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်းတို့အသင်း၏ အဓိကတိုက်စစ်ကစားသမား ဆာလာအတွက် ဆော်ဒီမှ ငွေကြေးမြောက်မြားစွာဖြင့် ကမ်းလှမ်းလာပါက လက်ခံရန် စဉ်းစားနေပြီး ၎င်းအတွက် အနည်းဆုံး ပေါင်သန်း ၁၅၀ အထိ အလိုရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် လာမည့် ၂၀၂၄ နွေရာသီတွင် အသင်းတိုက်စစ်ကစားသမား ဆာလာကို ပေါင်သန်း ၁၅၀ ဖြင့် ရောင်းချဖြစ်ခဲ့ပါက ယင်းမှရရှိလာသည့်ငွေကြေးဖြင့် အမ်ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းနှင့်အပြိုင် ကမ်းလှမ်းရန် စီစဉ်လာခြင်း ဖြစ်သည်။ အမ်ဘာပေသည် ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း PSG အသင်းတွင် သာ ဆက်နေဖြစ်ခဲ့သည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်နှင့် အမ်ဘာပေတို့အကြား ဆက်ဆံရေး တင်းမာနေပြီး ရီးယဲလ်အသင်းအနေဖြင့် ၎င်းကို ခေါ်ယူတော့မည်မဟုတ်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
အမ်ဘာပေသည် PSG အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၇ ပွဲတွင် ၁၇ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြလျက်ရှိသည်။ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိင်ပွဲတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် ကွာဟမှုကို လျှော့ချနိုင်ရန်အတွက် ဆာလာသာ ထွက်ခွာသွားပါက ၎င်းနေရာတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အမ်ဘာပေနှင့် အစားထိုးရန် ချိန်ရွယ်နေခြင်းဖြစ်သည်။