ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ ဆာဗက်တီကို ၂-၀ နဲ့အနိုင်ရခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ပွဲအတွင်းဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ကိုးလ်ပယ်မာရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ပယ်မာဟာ ကွင်းထဲမှာ ခြေထောက်တစ်ဖက်ကို ဆုပ်ကိုင်ကာထိုင်နေခဲ့ပြီးနောက် ကွင်းထဲကနေထွက်ခွာခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ စိုးရိမ်မှုတွေမြင့်တက်ခဲ့ပေမယ့် မာရက်စ်ကာကတော့ ကစားသမားရဲ့ဒဏ်ရာအခြေအနေက မစိုးရိမ်ရကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒုတိယပိုင်းမှသာ လူစားဝင်ကစားသမားအဖြစ်ဝင်ရောက်ခဲ့တာဖြစ်ပြီး အသင်းကိုအနိုင်ရစေဖို့ အကူအညီပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ မာရက်စ်ကာက “ပယ်မာကိုကြည့်ရတာ တစ်ခုခုဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့သူ့ကိုစစ်ဆေးပြီးပါပြီ။ အဆင်ပြေပါတယ်။ ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဆာဗက်တီကို အနိုင်ရခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးရဲ့ခြေစွမ်းက တိုးတက်ခဲ့ခြင်းမရှိပေမယ့် အနိုင်ဂိုး ၂ ဂိုးကိုတော့ ရအောင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကို ဘာပြောချင်သလဲလို့မေးမြန်းခဲ့ရာ မာရက်စ်ကာက “ကျွန်တော်ပြောချင်တာကတော့ ရှင်းပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲထဲမှာ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို လေ့လာနေခဲ့တာပါ။ တစ်ခါတလေမှာ မှန်ကန်တဲ့ကစားပုံကို ပုံဖော်နိုင်ခဲ့ပေမယ့် တစ်ခါတလေမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဘောလုံးကိုကိုင်ကစားတာက မှန်ကန်တဲ့အရာလို့မြင်ပါတယ်။ ၂-၀ နဲ့ဦးဆောင်ထားတဲ့အချိန်မှာ ဘောလုံးကိုင်ထားတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကွင်းဘက်ခြမ်းမှာမဟုတ်ဘဲ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာကိုင်ကစားနိုင်ရင်တော့ ပိုကောင်းမှာပါ။ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုနားလည်ပါတယ်။ ဒါပေမယ့် ဒီနေ့ညနိုင်ပွဲက အရေးပါပြီး၊ ကျွန်တော်တို့ Clean Sheet လည်းရရှိခဲ့ပါတယ်။ ဖိလစ်ဂျော်ဂျင်ဆန်ကလည်း သူ့ရဲ့ပထမဆုံးပွဲစဉ်ကို စတင်ကစားနိုင်ခဲ့တာပါ။ ကောင်းတဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။