ပြီးခဲ့သည့်သုံးလကမှ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်စူပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ကျန်းဆုဆန်နင်းအသင်းသည် ယခုအချိန်တွင် အသင်းကိုပိုင်ဆိုင်ထားသည့် မိခင်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခက်အခဲကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဆန်နင်းအုပ်စုပိုင်ကလပ်တစ်သင်းဖြစ်သည့် စီးရီးအေကလပ် အင်တာမီလန်အသင်း၏အနာဂတ်မှာလည်း မရေမရာဖြစ်လာကြောင်း သိရသည်။
နန်ကျင်းအခြေစိုက် ကလပ်အသင်းတစ်သင်းဖြစ်သည့် ကျန်းဆုဆန်နင်းအသင်းသည် ပြီးခဲ့သည့်နိုဝင်ဘာတွင် အမှတ်ပေးချန်ပီယံ ရှစ်ကြိမ်ရရှိဖူးသည့် ကွမ်ကျိုးအဲဗားဂရင်းအသင်းကို Play-offs တွင် အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် တရုတ်စူပါလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။
ကျန်းဆုဆန်နင်းအသင်းသည် နာမည်ကြီးအီတလီနည်းပြဟောင်း ကာပယ်လိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးသလို ၂၀၁၉ နွေရာသီတွင်လည်း ရီးယဲလ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်ကို စံချိန်တင်လစာငွေဖြင့် ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည့် အသင်းဖြစ်သည်။
သို့ရာတွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဆန်နင်းကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်သည့် လက်ကားရောင်းဝယ်ရေးလုပ်ငန်းမှာ လည်ပတ်မှုမရှိတော့သလောက်ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုပမာဏ ကြီးမားလွန်းသည့်အတွက် ကုန်ကျစရိတ်လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကျန်းဆုဆန်နင်းအသင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်ဒေသတွင်း မီဒီယာများ၏အဆိုအရ လက်ရှိအချိန်တွင် ကျန်းဆုဆန်နင်းအသင်းအပြင် အမျိုးသမီး တရုတ်စူပါလိဂ်ပြိုင်ပွဲ၏ အင်အားကြီးအသင်းကြီးဖြစ်သည့် ၂၀၁၉ အမျိုးသမီးစူပါလိဂ်ချန်ပီယံ ကျန်းဆု FC နှင့် သက်တမ်းအလိုက် လူငယ်အသင်း အားလုံးနှင့် ပတ်သက်မှုများကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆန်နင်းအုပ်စုသည် ကျန်းဆုဆန်နင်းအသင်းအား ရောင်းထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း အသင်း၏ကြွေးမြီပြဿနာမှာ ဒေါ်လာသန်း ၉၀ အထိ ရှိနေသည့်အတွက် လွှဲပြောင်းယူမည့် ပိုင်ရှင်သစ်ကို ရှာဖွေနေပြီး အဆင်မပြေပါက ကလပ်အသင်းအား ဒေဝါလီခံရတော့မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းဆုဆန်နင်းအသင်းသည် ပြီးခဲ့သည့်နှစ်က ဒေဝါလီခံခဲ့သည့် တီယန်ကျင်းတီဒါအသင်းအပြီး နောက်ထပ်ဒေဝါလီခံရမည့်အသင်း ဖြစ်လာဖွယ်ရှိနေသည်။
ထို့ပြင် ဆန်နင်းအုပ်စုပိုင်ကလပ်အသင်းတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်း၏ အနာဂတ်မှာလည်း မရေမရာဖြစ်လာကြောင်း သုံးသပ်မှုများရှိနေသည်။
ဆန်နင်းအုပ်စုသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အင်တာမီလန်အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ရှာဖွေနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ ပရိသတ်များအနေဖြင့် အင်တာမီလန်အသင်း၏အခြေအနေကိုပါ စိုး ရိမ်မှုများရှိနေခြင်းဖြစ်သည်။