အင်္ဂလန်တောင်ပံကစားသမား ဆန်ချို၏ မန်ယူကစားသမားဘဝ အဆုံးသတ်ရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဆန်ချိုအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာရန် မျှော်လင့်နေသည်ဟု သတင်းများက ဖော်ပြခဲ့ပြီး ယင်းကာလအထိ အသင်းလူစာရင်းမှ ထုတ်ပယ်ခံရဖွယ်ရှိသည်။
ဆန်ချိုသည် အာဆင်နယ်အသင်းအား ၁-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် သူ့အား လူစာရင်းမှ ချန်လှပ်ခဲ့မှုအပေါ် နည်းပြဖြစ်သူ၏ အကြောင်းပြချက်များသည် အလိမ်အညာများသာဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြစ်တင်ဝေဖန်ခဲ့သည့် အောက်တိုဘာလကတည်းက အကယ်ဒမီတွင် တစ်ဦးတည်းသာ လေ့ကျင့်ခဲ့ရသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုအနေဖြင့် ကလပ်အသင်းဖော်များနှင့်လည်း ရောနှောနေထိုင်ခွင့်၊ အတူစားသောက်ခွင့်လည်း မရှိကြောင်း သိရသည်။ နည်းပြ တန်ဟက်ဂ်အား ဆန်ချိုဘက်မှ လူသိရှင်ကြား တောင်းပန်လျှင် ယင်းပြဿနာများ ပြီးဆုံးသွားမည်ဖြစ်သော် လည်း ၎င်းက တောင်းပန်ရန် ငြင်းဆန်သဖြင့် ယခုကဲ့သို့ အဆိုးရွားဆုံးအခြေအနေအထိ ရောက်ခဲ့ခြင်းဖြစ်သည်။
အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက မန်ယူအသင်းတာဝန်ရှိသူများသည် ဇန်နဝါရီလတွင် ဆန်ချိုအနေဖြင့် အသင်းသစ်ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ရေးသားခဲ့သည်။ မန်ယူအသင်းသည် ၂၀၂၁ ခုနှစ်က ပေါင် ၇၃ သန်းဖြင့် ခေါ်ယူထားသည့် ဆန်ချိုအား ဇန်နဝါရီလတွင် အပြီးရောင်းချရန်ထက် အငှားချသွားရန်သာ စဉ်းစားနေလျက်ရှိကြောင်း သိရသည်။