ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ဒေါ့မွန် အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသင်း၏ တောင်ပံကစားသမား ဆန်ချိုအတွက် မန်ယူအသင်း ကမ်းလှမ်းခဲ့သည့် ပေါင် (၇၅)သန်း တန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးအကြိမ် တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဒေါ့မွန်အသင်းက ယခု တောင်းဆိုသည့် ပြောင်းရွှေ့ကြေးသည် နောက်ဆုံးအကြိမ် သတ်မှတ်ပေးသည့် စျေးနှုန်းဖြစ်ပြီး မန်ယူအသင်း အနေဖြင့် ယင်းပြောင်းရွှေ့ကြေးကို လက်မခံနိုင်ပါက ထပ်မံကမ်းလှမ်းရန် မလိုတော့ဟုလည်း အသိပေးခဲ့သည်။
ဒေါ့မွန်အသင်းက နောက်ဆုံးတောင်းဆိုခဲ့သည့် စျေးနှုန်းသည် မန်ယူအသင်း ကမ်းလှမ်းခဲ့သည့် စျေးနှုန်းနှင့် သိပ်မကွာသော်လည်း စွမ်းဆောင်ရည်အပေါ် မူတည်ကာ ထပ်မံပေးချေ ရမည့် Add-ons ပါဝင်လာခဲ့ကြောင်း သိရှိရသည်။ ဒေါ့မွန်အသင်းက ဆန် ချိုကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင် (၇၇)သန်း+Add-ons ပေးရန် တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ဆန်ချိုအတွက် နောက်ဆုံး ကမ်းလှမ်းမှုကို ဇူလိုင် (၂၃) ရက် နေ့မတိုင်မီ ပြုလုပ်ရမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းမှ ကမ်းလှမ်းလာပါ က လက်ခံစဉ်းစားမည်မဟုတ်ဟု ဆိုခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
မီဒီယာများ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ဆန်ချိုအား (၅) နှစ်စာချုပ် ချုပ်ဆိုရန်အတွက် မူအား ဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ကလပ်အသင်းနှင့် ညှိနှိုင်းရန်သာ ကျန်ရှိနေခြင်းဖြစ်သည်။ ဆန်ချိုသည် ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းထံသို့ ပေါင် (၈)သန်း ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။