မန်ယူတိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်သည် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ အတင်းအကြပ် ပြုမူမှုနှင့် စော်ကားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ ထိုစွဲချက်များနှင့်ပတ်သက်၍ အဓိက သက်သေများ ရုပ်သိမ်းခြင်း နှင့် ထွက်ပေါ်လာသည့် အချက်အလက်အသစ်များက လက်တွေ့ကျသော ပြစ်ဒဏ်စီရင်ခြင်း အလားအလာ မရှိစေတော့သဖြင့် စွဲချက်များအား ရုပ်သိမ်း၍ အမှုပိတ်လိုက်ပြီဖြစ်ကြောင်း ယူကေတရားစီရင်ရေး Crown Prosecution Service (“CPS”) က ဆိုသည်။
အသက် ၂၁ နှစ်ရှိ ရှေ့တန်းကစားသမား စွပ်စွဲခံခဲ့ရသည့် စွဲချက် သုံးခုစလုံးသည် အမျိုးသမီး တစ်ဦးတည်းနှင့် သက်ဆိုင်သည်။ စုံစမ်းစစ်ဆေးမှုကို လွန်ခဲ့သည့် တစ်နှစ်ကျော်မျှဖြစ်သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။
သူ့ကိုယ်စား ထုတ်ပြန်သောကြေညာချက်ထဲမှာ ဂရင်းဝုဒ်က “ဒီကိစ္စပြီးသွားတဲ့အတွက် စိတ်သက်သာရာရပြီး အားပေးကူညီမှုတွေအတွက် ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မန်ယူအသင်း၏ ထုတ်ပြန်ချက်တွင်လည်း “အသင်းအနေနဲ့ နောက်ထပ်အဆင့်တွေကို မဆုံးဖြတ်ခင်မှာကိုယ်ပိုင်လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ပြီးသွားတဲ့အထိ နောက်ထပ်မှတ်ချက်တစ်စုံတစ်ရာ ပြောကြားမှာ မဟုတ်ပါဘူး” ဟု ဖော်ပြခဲ့သည်။

ဘောလုံးလောကထဲသို့ မန်ယူအကယ်ဒမီမှတစ်ဆင့် ရောက်ရှိလာခဲ့သည့် ဘရက်ဖို့ဒ်ဖွား ကစားသမားသည် ၎င်းလုပ်ငန်းစဥ်အတောအတွင်း လေ့ကျင့်ရေးသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ကြောင်း သဘောပေါက်ရပါသည်။