ဘာစီလိုနာတိုက်စစ်ကစားသမားသစ် ဒီပိုင်းက စွန့်စားခန်းအသစ်အတွက် အလွန်စိတ်လှုပ်ရှားနေသည်ဟု ပြောကြားခဲ့သည်။
ဒီပိုင်း(၂၇ နှစ်)သည် လိုင်ယွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အတွက် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
ဒီပိုင်းသည် နယ်သာလန်အသင်းနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရခြင်းကြောင့် ယခုမှ ဘာစီလိုနာအသင်းနှင့် တရားဝင်ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဒီပိုင်းသည် တနင်္လာနေ့တွင် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် အသင်းအတွင်း လှည့်လည်ကြည့်ရှုမှုများ ပြုလုပ်ခြင်း၊ အသင်းဝတ်စုံနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။
ဘာစီလိုနာဝက်ဘ်ဆိုက်မှတစ်ဆင့် ပရိသတ်များအား နှုတ်ဆက်စကားပြောကြားရာတွင် ဒီပိုင်းက “ဟယ်လို မိတ်ဆွေတို့။ ဒါ မမ်ဖစ်ပါ။ ကျွန်တော် ဘာစီလိုနာအသင်းကို ရောက်လာပါပြီ။ စိန်ခေါ်မှုအသစ်၊ စွန့် စားခန်းအသစ်အတွက် ကျွန်တော် အလွန်စိတ်လှုပ်ရှားနေပါ တယ်။ မိတ်ဆွေတို့နဲ့ မကြာခင် ကွင်းထဲမှာ ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒီပိုင်းက မိမိကို ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရစဉ်မှာပင် ယုံကြည်ပေးခဲ့ပြီး ယခုလို ကမ္ဘာ့အကောင်းဆုံးအ သင်းတစ်သင်းဆီ ရောက်ရှိအောင် ပံ့ပိုးပေးခဲ့သော နည်းပြ ရော်နယ်လ်ကိုးမန်းကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနွေရာသီ၌ ဒီပိုင်းအပါအဝင် ကစားသမားသစ်(၄)ဦး ခေါ်ယူထားသော်လည်း လာလီဂါ၏ လစာငွေစည်းမျဉ်းနှင့် ကိုက်ညီမှုမရှိသေးသောကြောင့် အဆိုပါကစားသမားများကို တရားဝင်စာရင်းသွင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။