အတ္တလန်တာ – ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၁:၀၀ နာရီ)
အဓိကတိုက်စစ်မှူး ဇာပါတာအပါအဝင် ကစားသမားများစွာ ဒဏ်ရာရနေတာ အတ္တလန်တာရဲ့လုပ်အားနှုန်းကို လျော့ကျစေတယ်။ ဘိုလော့ဂ်နာက တိုက်စစ်နဲ့ ခံစစ် ဟန်ချက်မညီတာ အဖွင့်ပွဲမှာမြင်ခဲ့ရတယ်။ မီဒယ်လ် ဦးဆောင်တဲ့ခံစစ်က အမှားတွေများတတ်ပေမဲ့ အာနော်တိုဗစ်၊ ဘာရိုး၊ ဆိုရီယာနိုတို့နဲ့ တိုက်စစ်က အတ္တလန်တာကို ဒုက္ခပေးနိုင်တယ်။ နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပြီး အတ္တလန်တာ ကပ်နိုင်ရုံပါပဲ။
လာဇီယို – စပီဇီယာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၁:၀၀ နာရီ)
ဆာရီရဲ့လာဇီယိုက (၄-၃-၃)အသွင်သစ်နဲ့ အဖွင့်ပွဲမှာ ဂိုးပြတ်အောင်ပွဲရထားတယ်။ ပတ်ဒရိုနဲ့ ဖိလစ်ပီအန်ဒါဆန်က အချိန်တိုအတွင်းမှာ လာဇီယိုနဲ့ အံဝင်ခဲ့ပြီး အီမိုဘီလီကလည်း ထုံးစံအတိုင်း ဂိုးသွင်းနိုင်ခဲ့တယ်။ အားနည်းချက်က ကွင်းလယ်ခံစစ်ပိုင်းဖြစ်ပြီး လူးကပ်စ်ကို အားထားနေရဆဲပဲ။ စပီဇီယာက အသင်းလိုက်ကစားပုံကောင်းပေမဲ့ လာဇီယိုပဲ (၂)ဂိုးပြတ်လောက် နိုင်လိမ့်မယ်။
ဖီအိုရင်တီးနား – တိုရီနို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၉ ရက် နံနက် ၁:၁၅ နာရီ)
နှစ်သင်းစလုံး အဖွင့်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ ကစားပုံကောင်း မွန်ပြီး ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ အ ပြန်အလှန်ထိုးဖောက်မှု၊ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး ဗလာဟိုဗစ်နဲ့ ဘယ်လော့တီ ဂိုးသွင်းမလဲ စောင့်ကြည့်ရပါမယ်။ အိမ်ကွင်းမှာ ကစားပုံပိုကောင်းတဲ့ ဖီအိုရင်တီးနား နိုင်မှာပါ။
ဂျူဗင်တပ်စ် – အမ်ပိုလီ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၉ ရက် နံနက် ၁:၁၅ နာရီ)
လာဇီယိုကို ဂိုးပြတ်ရှုံးပေမဲ့ အမ်ပိုလီရဲ့ကစားပုံက အဆင့်အတန်းတစ်ခုရှိပါတယ်။ Open Play ကနေ ဂိုးပေါက်ကန်သွင်းခွင့် (၁၂)ကြိမ်အထိရပေမဲ့ အခွင့်အရေးတွေ အသုံးမချနိုင်လို့ တစ်ဂိုးသာရခဲ့တာပါ။ ဂျူဗင်တပ်စ်ကလည်း ကစားသမားနဲ့ ကစားကွက်စမ်းသပ် နေဆဲကာလလို့ ပြောရမယ်။ ခီယေဆာ၊ ကူလူဆက်ဗ်စကီး၊ လိုကာတယ်လီတို့ကို ပွဲထွက်သုံးလာနိုင်ပြီး အိမ်ကွင်းလည်းဖြစ်နေလို့ ဂျူဗင်တပ်စ် နိုင်ပါလိမ့်မယ်။