၂၀၂၀-၂၁ ဘောလုံးရာသီ စီးရီးအေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပူပူနွေးနွေးရရှိထားသည့် တိုက်စစ်မှူး လူကာကူကို မိခင်ကလပ် အင်တာမီလန်အသင်းက ရောင်းချရန်ဆန္ဒမရှိကြောင်း သိရသည်။
လူကာကူကို အသင်းဟောင်း ချယ်လ်ဆီးအသင်းမှ ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နှစ်နွေရာသီက ပေါင် သန်း ၂၂၀ အထိ အသုံးပြုကာ ပြင်ဆင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရယူခဲ့သော်လည်း တိုက်စစ်ပိုင်း၏အား နည်းချက်ကြောင့် လူကာကူနှင့်အားဖြည့်ရန် စိတ်ဝင်စားလျက်ရှိသည်။
သို့သော် လူကာကူ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဝန်းကျင် အသုံးပြုရဖွယ်ရှိမှုက ချယ်လ်ဆီးအတွက် အတားအဆီးဖြစ်နေသည်။ အင်တာမီလန်အသင်းသည် လူကာကူကို ၂၀၁၈ ခုနှစ်တွင် မန်ယူအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။
မေလ ၃၁ ရက်က စီးရီးအေအကောင်း ဆုံးဆုများ ထုတ်ပြန်ရာတွင် ဂိုးသမားဆုကို အေစီမီလန်အသင်းမှ ဒွန်နာရမ်မာ၊ နောက် တန်းဆုကို အတ္တလန်တာအသင်းမှ ရိုမဲရိုး၊ အလယ်တန်းဆုကို အင်တာမီလန်အသင်းမှ ဘာရယ်လာ၊ ရှေ့တန်းဆုကို ဂျူဗင်တပ်စ် အသင်းမှ စီရော်နယ်လ်ဒို၊ အသက် ၂၃ နှစ် အောက် အကောင်းဆုံးဆုကို ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်တို့က ရရှိခဲ့ကြသည်။