လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က ရီးယဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို လာလီဂါသို့ ပြန်လာသည်ကို မြင်တွေ့လိုသည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့်လမ်းခွဲ၍ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်းတစ်သင်းထံ ပြောင်းရွှေ့ရန်စီစဉ်နေရာ အက်သလက်တီကိုအသင်းသို့ ရောက်ရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် တီဘက်စ်က ရီးယဲလ်အသင်းတွင် (၉) ရာသီကြာ ကစားခဲ့သည့် စီရော်နယ်လ်ဒိုကို လာလီဂါတွင် ပြန်လည်မြင်တွေ့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ကျွန်တော် စီရော်နယ်လ်ဒိုကို လာလီဂါမှာ ပြန်တွေ့ချင်ပါတယ်။ အက်သလက်တီကိုအသင်းက သူ့ကို ခေါ်နိုင်မလားဆိုတာတော့ မသိပါဘူး။ သူ့ကို ခေါ်ချင်ရင် ကစားသမားတချို့ကို ရောင်းထုတ်ရမယ်လို့တော့ သိထားပါတယ်”ဟု ပြောကြားခဲ့သည်။
တီဘက်စ်အနေဖြင့် ယင်းကဲ့သို့ ပြောကြားခဲ့သော်လည်း အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇိုက စီရော်နယ်လ်ဒိုအား ခေါ်ယူရန် မဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားသလို၊ အက်သလက်တီကိုပရိသတ်များကလည်း ၎င်းကို မခေါ်ရန် ဆန္ဒပြနေကြကြောင်း သိရသည်။