BBC ၏ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ရီယိုဖာဒီနန်က စီရော်နယ်လ်ဒို၏ စံချိန်များ၊ သွင်းဂိုးများသည် သူ၏ ပြင်းထန်လွန်းသည့် တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့်ဖြစ်ကြောင်း ပြင်သစ်အသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲအပြီး၌ ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ၏ နိုင်ငံတကာသွင်းဂိုးစံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် လက်ရှိဘောလုံးလောကတွင် တင်ရှိထားသည့် တစ်ဦးချင်းစံချိန်မှတ်တမ်းအရေအတွက်မှာ ဆယ်ဂဏန်းနှင့်ချီပြီး ရှိလာခဲ့ပြီဖြစ်သည်။
ယင်း၏အကြောင်းအရင်းကို ဖာဒီနန်က သုံးသပ်ခဲ့ရာ၌ ”စီရော်နယ်လ်ဒိုက သူလုပ်တဲ့အလုပ်မှာ အကောင်းဆုံးဖြစ်ချင်တယ်ဆိုတဲ့ အစွဲအလမ်းရှိသူ ဖြစ်ပါတယ်။ သူက ဝေဖန်မှုတွေကို လောင်စာအဖြစ် ပြန်လည်အသုံးချခြင်းအတွက် အကောင်းဆုံး ဥပမာလည်းဖြစ်တယ်။ ခင်ဗျားက (အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း လိုင်နီကာအား ပြောခြင်းဖြစ်) သူနဲ့ မက်ဆီတို့ နှစ်ဦးထဲမှာ မက်ဆီက ပိုကောင်းတယ်လို့ ပြောတော့ သူက ကျွန်တော့်ဆီ မက်ဆေ့ချ်လှမ်းပို့တယ်။ လိုင်နီကာက ဘာကြောင့် ဒီလိုထင်ရတာလဲတဲ့။ ဒါက သူ့ရဲ့ပြိုင်ဆိုင်တတ်တဲ့ အခြေခံစိတ်နေစိတ်ထားပဲ။ အကောင်းဆုံးဆိုတဲ့သူဖြစ်လာဖို့ဆိုရင် ဒီအချက်က လိုအပ်ပါတယ်။ ဒီအရာကပဲ သူ့ကို ထိပ်ဆုံးအဆင့်မှာ အချိန်အကြာကြီး ရပ်တည်စေပြီး၊ စံချိန်တွေ၊ သွင်းဂိုးတွေကို ရရှိစေတာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အသက် (၃၆)နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ယခု ယူရိုပြိုင်ပွဲတွင် ဂိုးများသွင်းယူနေဆဲဖြစ်ကာ သွင်းဂိုး (၅)ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသည်။