ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုအနေဖြင့် စိတ်နေသဘောထားနှင့် အပြုအမူများကို ပြုပြင်သင့်ပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် တောင်ကိုရီးယားအား ရှုံးနိမ့်သည့်အုပ်စုနောက်ဆုံးပွဲစဉ်တွင် လူစားလဲခံခဲ့ရသည့်အတွက် မပျော်ရ့ွှင်သည့်ပုံစံမျိုးပြသခဲ့ရာ နည်းပြ ဆန်းတို့စ်နှင့် ပြဿနာဖြစ်ပွားခဲ့သည်။
ယင်းနောက် ဆွစ်ဇာလန်အား (၆-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စီရော်နယ်လ်ဒိုမှာ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး ပွဲချိန် (၇၃) မိနစ်တွင်မှ လူစားဝင်ကစားခွင့်ရရှိခဲ့သည်။ ပေါ် တူဂီနည်းပြဆန်းတို့စ်က နည်းစနစ်ကြောင့် စီရော်နယ်လ်ဒိုကို အရန်ခုံတွင် ချန်ရစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တောင်ကိုရီးယားနှင့်ပွဲမှ အပြုအမူအတွက် အပြစ်ပေးခြင်းသာဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဂယ်ရီနဗီးလ်ကလည်း “စီရော်နယ်လ်ဒိုက နှစ်ပေါင်းများစွာရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အကာအကွယ်ရနေတယ်။ သူက ဘောလုံးသမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ဒါပေမဲ့ သူ့အနေနဲ့ လက်ကျန်ကစားသမားဘ၀ ကောင်းစားချင်ရင် စိတ်နေစိတ်ထားပိုင်းကို ပြင်ဖို့လိုနေပါပြီ။ ဂျူဗင်တပ်စ်မှာ ဖြစ်ခဲ့တာ၊ မန်ယူမှာ ဖြစ်ခဲ့တာ၊ အခု ပေါ်တူဂီမှာ ဖြစ်ခဲ့တာတွေက နည်းပြတွေရဲ့ အမှားတွေလား။ တန်ဟက်ဂ်က သူ မရှိရင် ပိုကောင်းတယ်လို့ယူဆပြီး အခု ပေါ်တူဂီနည်းပြ အဲဒီလိုခံစားနေရပြီထင်တယ်” ဟု ဆိုခဲ့သည်။