spot_img

စီရော်နယ်လ်ဒိုနှင့် ပတ်သက်သည့် ကောလာဟလများကို ဂျူဗင်တပ်စ် ဒုဥက္ကဋ္ဌ နက်ဗက်အဆုံးသတ်ခဲ့ပြီး အသင်းတွင်ဆက်ရှိမည်ဟု အတည်ပြု

ဂျူဗင်တပ်စ်အသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ နက်ဗက်သည် အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ စီရော်နယ်လ်ဒိုနှင့် ပတ်သက်သည့် ကောလာဟလများကို အဆုံးသတ်ခဲ့ပြီး စီရော်နယ်လ်ဒိုသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်း၏ စူပါစတားကစားသမားဖြစ်သူ စီရော်နယ်လ်ဒိုသည် အသင်းတွင် (၃)ရာသီကြာ ကစားခဲ့ပြီးနောက် လာမည့်ရာသီသည် အသင်းနှင့် စာချုပ်သက်တမ်း နောက်ဆုံးရာသီဖြစ်လာမည်ဖြစ်သည်။

myan789

ဂျူဗင်တပ်စ်အသင်းနှင့် စီရော်နယ်လ်ဒို နှစ်ဖက်စလုံးက စာချုပ်သက်တမ်းတိုးရန် စိတ်မဝင်စားကြသလို စီရော်နယ်လ်ဒိုသည် ယခုရာသီတွင်ပင် အသင်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မကြာသေးမီက ထွက်ပေါ်ခဲ့သည့် သတင်းများအရ စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းတာဝန်ရှိသူများနှင့် အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သလို၊ စီရော်နယ်လ်ဒို၏ အသင်းဟောင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ မန်ယူအသင်းတို့ကလည်း ပြန်လည်ခေါ်ယူလိုနေကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

သို့ရာတွင် လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘဏ္ဍာရေးအခြေအနေအရ စီရော်နယ်လ်ဒိုကို ခေါ်ယူရန်မှာ မဖြစ်နိုင်သလို၊ မန်ယူအသင်းကလည်း ဂျေဒန်ဆန်ချိုကို ခေါ်ယူခဲ့ပြီးနောက် စီရော်နယ်လ်ဒိုကို ခေါ်ယူမည့်အနေအထားတွင်မရှိတော့ချေ။

ယင်းကဲ့သို့အနေအထားမျိုးတွင် စီရော်နယ်လ်ဒိုနှင့်ပတ်သက်သည့် သတင်းများကိုလည်း PSG အသင်းဘက်က ငြင်းဆန်ခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း၌ (၃)ရာသီကြာ ကစားခဲ့ရာတွင် တစ်ဦးချင်း စံချိန်မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ခဲ့သည်။

သူသည် ပြီးခဲ့သည့်ရာသီက စီးရီးအေပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းသမိုင်းတွင် သွင်းဂိုး (၁၀၀) ကို အမြန်ဆုံးပြည့်မြောက်သူဆိုသည့် စံချိန်ကောင်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။

သို့ရာတွင် အသင်းလိုက်အောင်မြင်မှုအပိုင်းတွင်မူ လိုအပ်ချက်များရှိနေပြီး ပြီးခဲ့သည့်ရာသီက နည်းပြ ပီယာလိုလက်အောက်တွင် စီးရီးအေဖလားကို (၁၀)နှစ်ဆက်ရယူမည့် အိပ်မက်ပျက်ပြယ်ခဲ့ရသလို စီရော်နယ်လ်ဒိုရောက်ရှိလာသည့် (၃)ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကိုပင် မကျော်နိုင်ခဲ့ပေ။

သို့ရာတွင် ဂျူဗင်တပ်စ်အသင်းသည် ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူထားသည့် စီရော်နယ်လ်ဒိုအား အနည်းဆုံးစာချုပ်သက်တမ်းကုန်သည်အထိ အသင်းတွင်ဆက်ထားရန် ဆန္ဒရှိနေဆဲဖြစ်ပြီး အသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ နက်ဗက်ကလည်း ”စီရော်နယ်လ်ဒိုကို ဇူလိုင် (၂၆)ရက်နေ့မှာ ပြန်လာဖို့ အသိပေးထားပြီး သူကလည်း ကျွန်တော်တို့အသင်းနဲ့ ပြန်ပူးပေါင်းမှာပါ။ သူ ကျွန်တော်တို့နဲ့ပဲ ဆက်ရှိနေပါလိမ့်မယ်။ တခြားဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular