ရိုးမားအသင်းနည်းပြသစ် မော်ရင်ဟိုက စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ဖြစ်သော်လည်း မကြောက်ကြောင်း ပြောကြားခဲ့သည်။
အသက် (၅၈)နှစ်အရွယ်ရှိ မော်ရင်ဟိုသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က စီရော်နယ်လ်ဒိုနှင့် လက်တွဲခဲ့ဖူးသူဖြစ်ပြီး လာမည့်ရာသီတွင်မူ ၎င်းတို့(၂)ဦးမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် မော်ရင်ဟိုက စီရော်နယ်လ်ဒိုအား ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့်အပေါ် မစိုးရိမ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက “စီရော်နယ်လ်ဒိုကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့်အပေါ် ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဗဟိုခံစစ်ကစားသမား မဟုတ်ဘူးလေ။ တကယ်လို့ ဗဟိုခံစစ်ကစားသမားအဖြစ် ကျွန်တော် ကစားနေမယ်ဆိုရင် သူနဲ့ ရင်ဆိုင်တဲ့အခါ သူ့ကို ကန်ပစ်မှာပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ ကျွန်တော်က တော်တဲ့ခံစစ်ကစားသမားတစ်ဦး မဟုတ်သလို၊ သူနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖို့ဆိုရင်လည်း ကျွန်တော့်က အသက်အရွယ်တော်တော်ကြီးရင့်နေပါပြီ”ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် စီးရီးအေကလပ် အင်တာမီလန်အသင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး စီးရီးအေချန်ပီယံ (၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် ဆုဖလား (၅)လုံးအထိ ရယူပေးနိုင်ခဲ့သည်။