မန်စီးတီးအသင်းနှင့် အပြောင်းအလဲသတင်းများထွက်ပေါ်နေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်းသည် သြဂုတ် ၂ ရက်တွင် အသင်း နှင့် ပြန်လည်ပူးပေါင်းရမည်ဖြစ်သော်လည်း ပျက်ကွက်ခဲ့မှုကြောင့် ဒဏ်ငွေတပ်ရိုက်ခံရဖွယ်ရှိကြောင်း သိရသည်။
လန်ဒန်အခြေစိုက် Evening Standard သတင်းစာ၏ ဘောလုံးသတင်းထောက်ချုပ် ကီလ်ပတ်ထရစ် က သူ၏ Twitter တွင် ယင်းအကြောင်း ရေးသားခဲ့ပြီး ဒဏ်ငွေပမာဏကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။
ဟာရီကိန်းသည် အားလပ်ရက်သုံးပတ် ကုန်ဆုံးသွားပြီးနောက် ယင်းနေ့တွင် အသင်းနှင့် ပြန်လည်ပူးပေါင်းရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းပြုလုပ်ရမည်ဖြစ်သော်လည်း ရောက်မလာခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့်မေလကတည်းက အသင်းမှ ထွက်ခွာခွင့် တောင်းထားသူဖြစ်ပြီး ဇွန်လကုန်တွင် မန်စီးတီးအသင်းက ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော် စပါးအသင်းက ဟာရီကိန်း၏ တန်ဖိုးမှာ ပေါင် သန်း ၁၂၀ အထက်ရှိသည်ဟု သတ်မှတ်ထားသဖြင့် မန်စီးတီးအသင်း၏ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ဟာရီကိန်းသည် အသင်းပြောင်းရွှေ့ရန် တောင်းဆိုထားပြီးဖြစ်သောကြောင့် အသင်းနှင့် ပြန်လည်ပူးပေါင်းရန် မလိုအပ်တော့ဟု ထောက်ခံသူများလည်းရှိခဲ့သည်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုကမူ ယခု ရက်သတ္တပတ် သည် ဟာရီကိန်း၏ အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လိမ့်မည်ဟု သုံးသပ်ထားသည်။