ဘိုင်ယန်မြူးနစ်နည်းပြရာထူးမှ ထုတ်ပယ်ခံထားရသည့် ဂျာမန်လူငယ်နည်းပြ နာဂယ်စ်မန်းသည် စပါးအသင်းအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရန်အတွက် အပြတ်အသတ်ရေပန်းစားလျက်ရှိပြီး အသင်းဥက္ကဋ္ဌ လီဗီ၏ နံပါတ်တစ်ပစ်မှတ်လည်းဖြစ်ကြောင်း သိ ရသည်။
လီဗီသည် နာဂယ်စ်မန်းအနေဖြင့် စပါးအသင်းနည်းပြရာထူးကို ရယူလိုခြင်းရှိ၊ မရှိကို နားစွင့်နေသည်ဟုလည်း Daily Mail သတင်းစာက ရေးသားခဲ့သည်။ စပါးအသင်းသည် ကွန်တီ၏နည်းပြ အဖွဲ့ဝင်ဖြစ်ခဲ့သူ ခရစ္စတီယန်ဆတယ်လီနီကို ရာသီကုန်အထိ ယာယီတာဝန်ပေးထားပြီး သူ၏လက်ထောက်အဖြစ် အသင်းကို ၂၀၂၁ ခုနှစ်က ယာယီကိုင်တွယ်ခဲ့ဖူးသည့် ရိုင်ယန်မေဆင်ကို ခန့်အပ်ခဲ့သည်။
ထို့ကြောင့် လီဗီအနေဖြင့် အသင်းအမြဲတမ်းနည်းပြရာထူးအတွက် ကွန်တီနေရာကို အစားထိုးမည့်သူအား အချိန်ယူရှာဖွေသွားဖွယ်ရှိနေကြောင်း သိရသည်။ စပါးအသင်းသည် နာဂယ်စ်မန်း၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆွေးနွေးမှုများပင် ပြုလုပ်နေပြီ ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။
ဘောလုံးလောင်းကစား ကုမ္ပဏီများ၏ စပါးနည်းပြသစ်အလေးပေးချက်တွင်လည်း အသက် ၃၅ နှစ်အရွယ်သာရှိသေးသူ နာဂယ်စ်မန်းက အပြတ်အသတ် ရေပန်းစားလျက်ရှိသည်။ အခြားစပါးနည်းပြသစ်အဖြစ် အသင်းနည်းပြဟောင်း ပိုချက်တီနို၊ ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း လူးဝစ်အင်းနရစ်တို့လည်း ရေပန်းစားသည့်စာရင်းတွင် ပါဝင်နေသည်။
လာမည့်နွေရာသီကာလတွင် နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိသည့် ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးအသင်းများကလည်း နာဂယ်စ်မန်းကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရသည်။