အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုက ၂၀၂၃ တုန်းက မန်စီးတီးအသင်းချန်ပီယံလိဂ်ရခဲ့ပြီးနောက် ဂွါဒီယိုလာက သီးသန့်ဖုန်းခေါ်လာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် နဲ့ စီးတီးကြားမှာ တင်းမာမှုတွေရှိပေမယ့် ဂွါဒီယိုလာက ဇင်ချန်ကို နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးအနေအထားရှိနေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ၂၀၂၂ တုန်းက စီးတီးထံကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၇၀ ကျော်ပါဝင်ကစားထားခဲ့ပါတယ်။
ဇင်ချန်ကိုက အခုချိန်မှာ ဂွါဒီယိုလာက ချန်ပီယံလိဂ်ရခဲ့ပြီးနောက် သူ့ဆီကိုသီးသန့်ဖုန်းခေါ်လာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။
“အဲ့ညတုန်း ဘယ်သူမှမအိပ်သေးပါဘူး။ ဒါပေမယ့် ပက်ဆီကနေ ဖုန်းခေါ်တာကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သူက အဲလက်စ်ရေ ဒီအောင်ပွဲတွေမှာ မင်းကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် လုံးဝအံ့သြခဲ့ပြီး သူ့ကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ အဲ့တာက ဘယ်လောက်တောင် လူသားဆန်လဲဆိုတာပြသနေပါတယ်”လို့ ဇင်ချန်ကိုက ပြောကြားခဲ့ပါတယ်။
ဇင်ချန်ကိုဟာ အင်္ဂါနေ့ညတုန်းက ရှက်တာပရိသတ်တွေနဲ့ထိတွေ့ခဲ့တဲ့လုပ်ရပ်ကြောင့် ရှက်တာနည်းပြရဲ့ချီးကျူးမှုကို ခံခဲ့ရပါတယ်။ အမ်းမရိတ်မှာကစားခဲ့တဲ့ပွဲအပြီးမှာ ဇင်ချန်ကိုဟာ ယူကရိန်းအလံကို ရှက်တာပရိသတ်တွေဆီပေးခဲ့ပြီး နွေးထွေးစွာ နှုတ်ဆက်ခဲ့ပါတယ်။
ယူကရိန်းဟာ လက်ရှိမှာ ရုရှားရဲ့ကျူးကျော်စစ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး ပရိသတ်တွေကို ဇင်ချန်ကိုက နှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။
ရှက်တာနည်းပြ ပူဆစ်က “ဇင်ချန်ကိုက ကျွန်တော်တို့အဝတ်လဲခန်းထဲထိလာပြီး ကစားသမားတွေဆီကပြောစကားတွေကို နားထောင်ခဲ့ပါတယ်။ တကယ်ကောင်းတဲ့ကောင်လေးပါ။ ကျွန်တော်တို့ သူ့ကိုချစ်ပါတယ်။ တကယ်ကောင်းတဲ့ကစားသမားတစ်ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။