မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက မိမိ အနေဖြင့် အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းသို့ ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ၂၀၁၆ ခုနှစ် တွင် ဂျူဗင်တပ်စ်အသင်းမှ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၉ သန်း (ထိုစဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး) ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လေးရာသီ ကြာကစားခဲ့သည့်ကာလအတွင်း ကမ္ဘာ့ထိပ်တန်းကွင်းလယ်သမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သော်လည်း မန်ချက်စတာယူနိုက်တက်အသင်းတွင် ခြေစွမ်းတစ်သမတ်တည်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချုပ်ဆိုထားသည့် ပေါ့ဘာ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ရာ ပေါ့ဘာအနေဖြင့် လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့နိုင်ကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအ လွတ်ဖြင့် ခေါ်ယူနိုင်မည့် ပေါ့ဘာကို ရီးယဲလ် နှင့် ဂျူဗင်တပ်စ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။
လက်ရှိတွင် ပြင်သစ်အသင်းနှင့်အတူ အီတလီနိုင်ငံတွင် ကျင်းပနေသည့် UEFA Nations League ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ပေါ့ဘာက မိမိအနေဖြင့် ဂျူဗင်တပ်စ်အသင်း၏ အခြေစိုက်ရာ တူရင်မြို့ကို နှစ်သက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါ့ဘာက “တူရင်မြို့ကို ကျွန်တော် နှစ်သက်ပါတယ်။ ပြီးတော့ ဂျူဗင်တပ်စ်အသင်းရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကွာဒရာဒို၊ ဒီဘားလားတို့နဲ့လည်း ကျွန်တော် အမြဲစကား ပြောဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျွန်တော်ဟာ မန်ယူကစားသမားဖြစ်ပြီး အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရာသီအကုန်မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ” ဟု ပြောကြားခဲ့သည်။
ပေါ့ဘာ၏ အေးဂျင့့်ဖြစ်သူ ရိုင်အိုလာကလည်း ဂျူဗင်တပ်စ်အသင်းမှာ ပေါ့ဘာ၏နှလုံးသားထဲတွင် အမြဲတမ်းရှိနေသည့်အသင်း ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းသို့ ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။ ပေါ့ဘာသည် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် မန်ယူအသင်းသို့ မပြောင်းရွှေ့မီ ဂျူဗင်တပ်စ် အသင်းတွင် လေးရာသီကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၇၈ ပွဲတွင် ၃၄ ဂိုးသွင်းယူခဲ့သလို အသင်းနှင့် အတူ စီးရီးအေချန်ပီယံဆု လေးကြိမ်အပါ အဝင် ဆုဖလားပေါင်း ရှစ်လုံးအထိ ရယူနိုင်ခဲ့သည်။