ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ ချီလီနီသည်အသင်း နှင့် (၁၇) နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ယခုရာသီကုန်တွင် လမ်းခွဲတော့မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။
အသက် (၃၇)နှစ်အရွယ်ရှိ ချီလီနီသည် ဂျူဗင်တပ်စ်အသင်းတွင် စကူဒက်တိုဖလား (၉)လုံးအပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပြီး သူသည် ၂၀၀၅ ခုနှစ်က ဖီအိုရင်တီးနားအသင်းမှ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့့သည့် ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်း ကို (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချီလီနီက ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ချီလီနီက “ကျွန်တော် လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်အသင်းအတွက် တာဝန်ကျေခဲ့ပြီး ဘာမှ ဆက်လုပ်ဖို့ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အရမ်းကောင်းမွန်တဲ့ ရာသီတွေကို ကျွန်တော် ဖြတ်သန်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုထက် ပိုကြာခဲ့ပါတယ်။ ကျွန်တော့်လို ဂုဏ်ယူမှု၊ ပျော်ရွှင်မှုမျိုးကို တခြားကစားသမားတွေ ရသင့်တဲ့အချိန်ကို ရောက်နေပါပြီ။ ကျွန်တော် အသင်းနဲ့ နှုတ်ဆက်တော့မှာပါ။ (၁၀၀)ရာခိုင်နှုန်းသေချာပါတယ်”ဟု ဆိုခဲ့သည်။
အီတလီဝါရင့်နောက်ခံလူ ချီလီနီသည် ဂျူဗင်တပ်စ်အသင်းတွင် (၁၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၅၅၉) ပွဲကစားပြီး (၃၆) ဂိုး သွင်းယူခဲ့သည်။ ၎င်းသည် ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေ ချန်ပီယံဆု (၉) ကြိမ်၊ စီးရီးဘီ ချန်ပီယံဆု (၁) ကြိမ်၊ ကိုပါအီတာလီယာဖလား (၅) ကြိမ်၊ အီတလီစူပါဖလား (၅) ကြိမ် ရရှိခဲ့ကြောင်း သိရသည်။